ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ၂၀၂၄ခုနှစ်၏ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း (၃၂၀၀)ကျော် ဖြစ်ပွားခဲ့ ကြောင်း KNU မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army - KNLA )နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( Karen National Defence Organisation - KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ပါဝင်သည့် အဖွဲ့တို့အကြား ၂၀၂၄ခုနှစ်၏ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း (၃၂၂၉)ကြိမ်ထက် မနည်းတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင် စစ်ကောင်စီတပ်ဘက်က အရာရှိ အရာခံ နှင့် အကြပ်စစ်သည် (၃၁၃၆)ဦး သေဆုံးခဲ့သလို (၂၂၂၅)ဦးဝန်းကျင်လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နှင့် ဗျူဟာမှူးအဆင့်ကနေ အောက်ခြေ တပ်သားအဆင့်အထိ စစ်သုံ့ပန်းအဖြစ် အရှင်းဖမ်းဆီးရမိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က တပ်ဖွဲ့ဝင် (၁၀၀)ဝန်းကျင်မှာ ကျဆုံးခဲ့ပြီး (၃၂၅)ဦးဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။
တိုက်ပွဲများအကြား နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများရှိခဲ့သလို အရပ်သားပြည်သူ သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း များပြားခဲ့ကြောင်း သိရသည်။
ပုံအညွှန်း - ၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ထိခိုက်ခဲ့သည့် ပုံများ
Photo: KNU