အမေရိကန်ပြည်ထောင်စုတွင် တကျော့ပြန် သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့်က ထိလွယ်ရှလွယ်ဖြစ်သော နေရာများတွင် ဖမ်းဆီးမှုများ မပြုလုပ်ရန် တားမြစ်ထားသည့် ညွှန်ကြားချက်ကို ပယ်ဖျက်လိုက်ပြီးနောက် ပြည်ထောင်စုအဆင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ အနေဖြင့် စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထားကာ အထောက်အထားမဲ့ နေထိုင်သူများအား ရှာဖွေ ဖမ်းဆီး ခွင့်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ထိလွယ်ရှလွယ် နေရာများဟု ခေါ်တွင်သော နေရာများ သို့မဟုတ် ထိုနေရာများအနီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများကို တားမြစ်ပိတ်ပင်ထားသည့် မူဝါဒအား ရုပ်သိမ်းသွားမည်ဟု အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ကြေညာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် စတင်ပြဌာန်းခဲ့သည့် ညွှန်ကြားချက်အရ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများ၊ ဆေးရုံများ၊ ဈာပနအခမ်းအနားများ၊ မင်္ဂလာဆောင်များနှင့် လူထုဆန္ဒပြပွဲများ အပါအဝင် ထိလွယ် ရှလွယ်ဖြစ်သော နေရာမျိုးစုံတွင် သံသယရှိသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားသော်လည်း အဆိုပါ ညွှန်ကြားချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ပယ်ဖျက် လိုက်သည့်အတွက် အထောက်အထားမဲ့ နေထိုင်သူများအတွက် စိုးရိမ်စရာဖြစ်လာသည်။
သမ္မတက ယင်းသို့ ခွင့်ပြုပေးလိုက်သော်လည်း ပြည်တွင်လုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကမူ ထိုတားမြစ်ချက်အစား ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ဖမ်းဆီးမှုများကို ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
"ရာဇဝတ်ကောင်တွေ အနေနဲ့ အဖမ်းမခံရအောင် အမေရိကန်ရဲ့ စာသင်ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေမှာ ပုန်းအောင်းနေနိုင်တော့မှာ မဟုတ်ပါဘူး။ ထရမ့်အစိုးရက ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ ဥပဒေစိုးမိုးရေး အရာရှိတွေကို ချုပ်ကိုင်ထားမှာ မဟုတ်တော့ဘဲ အဲ့ဒီအစား ကိုယ်ပိုင် ဆင်ခြင်တုံတရားကို အသုံးချဖို့ သူတို့ကို ယုံကြည်တာပါပဲ။ ဒီလုပ်ဆောင်မှုက ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ သက်ရောက်စေဖို့နဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံထဲကို တရားမဝင် ရောက်လာကြတဲ့ လူသတ်သမားတွေနဲ့ မုဒိမ်းသမားတွေ အပါအဝင် ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့ CBP နဲ့ ICE မှာရှိတဲ့ ရဲရင့်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးလိုက်တာပါ" ဟု ပြည်တွင်းလုံခြုံရေးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဒုတိအကြိမ် သမ္မတသက်တမ်း တရားဝင် စတင်သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့၌ပင် များပြားလှသော သမ္မတအမိန့်ညွှန်ကြားချက်ကိုများကို လက်မှတ်ရေးထိုးကာ ယခင် အစိုးရလက်ထက်က ချမှတ်ထားသည့် မူဝါဒများကိုလည်း ပြောင်းလဲလိုက်သည်။
ထရမ့်၏ အမိန့်ညွှန်ကြားချက်များတွင် ရွှေ့ပြောင်းနေထိုင်သူများကိစ္စ၊ ရေနံတူးဖော်ခွင့်၊ ကာကွယ်ဆေးထိုးမှုမှ နိုင်ငံတကာအဖွဲ့အစည်းများကိစ္စအထိ မျိုးစုံပါဝင်သည်။
ဆက်စပ်သတင်းအရ ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်များကို ပြည်နယ်ပေါင်း (၅၀)အနက် ပြည်နယ် (၂၂) ခုက ဥပဒေကြောင်းအရ အရေးဆို ကန့်ကွက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအတွက် ကောင်းမွန်စွာ ပြဌာန်ထားပြီး သက်တမ်းရှည်ကြာစွာ တည်ရှိနေသည့် အခြေခံဥပဒေဆိုင်ရာ မူများကို သမ္မတဒေါ်နယ်ထရမ့်က ဖယ်ရှားပစ်ရန် ကြိုးပမ်းနေသည်ဟု ပြည်နယ်များ၏ တရားစွဲဆိုမှုတွင် ပြောဆို ထားသည်။
ပြည်နယ်များ၏ တရားစွဲဆိုမှုများအရ ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်ကြောင့် အမေရိကန်တွင် တရားဝင် နေထိုင်ခွင့် မရရှိထားသော မိဘများမှ နှစ်စဉ် မွေးဖွားလာသော ကလေး (၁၅၀,၀၀၀) မှာ အခြေခံ စောင့်ရှောက်မှု ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။
Source: ABC News