ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ရှိ ငှက်ပျောခြံလုပ်ငန်းတစ်ခုမှ မြန်မာလုပ်သား (၄၅) ဦးမှာ ကာလရှည်ကြာ လုပ်အားခ မရသည့်အ တွက် ချင်းရိုင်းခရိုင်အလုပ်သမားရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ ငှက်ပျောခြံတွင် တရားဝင်အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သား (၈၀) ကျော်ရှိနေပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လက နောက်ဆုံး လစာရှင်းပေးပြီးနောက် လုပ်သားများကို လစာရှင်းပေးနိုင်ခြင်းမရှိတော့သည့်အပြင် အလုပ်သမားအချို့ကိုလည်း အကြောင်းပြချက်မရှိဘဲ ဒီဇင်ဘာလဆန်းပိုင်းတွင် အလုပ်မှ ရပ်နားခဲ့ကြောင်း သိရသည်။
လုပ်အားခမရသည့် အတွက် ခြံလုပ်သားများမှာ အခက်အခဲ များစွာကြုံနေရပြီး ငှက်ပျောခြံတွင် (၃) နှစ်ကြာ အလုပ် လုပ်ကိုင်ခဲ့သည့် မြန်မာလုပ်သားတစ်ဦးမှာ လုပ်အားခစုစုပေါင်း (၂၇, ၅၀၀) ဘတ်နှင့် ၎င်း၏ အမျိုးသမီးမှာ လုပ်အားခ စုစုပေါင်း (၁၂, ၀၀၀) ဘတ် မရသဖြင့် အကြွေးများမပေးနိုင်သည့်အပြင် နေထိုင်စားသောက်စရိတ် အတွက်ပါ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ခရိုင်အလုပ်သမားရုံးက အဆိုပါ ငှက်ပျောခြံလုပ်ငန်းအား စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး လုပ်ငန်းက လုပ်အားခရှင်းပေးရန် အကြိမ်များစွာ ပျက်ကွက်ခဲ့ကြောင်းနှင့် အစုရှယ်ယာရှင်များတွင် တရုတ်နိုင်ငံသားနှစ်ဦးပါဝင်ပြီး လုပ်ငန်းမှာ ငွေကြေးအခက်အခဲကြုံနေရသည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု သိရသည်။
ယင်းအပြင် အစုရှယ်ယာရှင်တစ်ဦးမှာ ထောင်ဒဏ်ကျခံနေရပြီး တစ်ဦးမှာ ကျန်းမာရေးမကောင်းဘဲဖြစ်နေကြောင်း သိရသည်။
ငှက်ပျောခြံလုပ်ငန်းအနေဖြင့် ရှင်းပေးရမည့် လုပ်အားခများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ရှင်းပေးရန် အလုပ်သမားရုံးက ညွှန်ကြားထားကြောင်း သိရသည်။
Source: Chiangrai Times