နောင်ချိုမြို့ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီဗုံးကြဲချ

နောင်ချိုမြို့ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီဗုံးကြဲချ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားသည့် နောင်ချိုမြို့ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ (၈)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရထားသည်ဟု ဒေသခံများထံမှ သိရသည်။ 

နောင်ချိုမြို့ သစ္စာဦးမုန့်ဆိုင်ရှေ့ရှိ ပါရမီလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်တွင် ဗုံး(၂) လုံး ကြဲချခြင်းဖြစ်သည်ဟု သိရသည်။ 

"မိသားစုတွေ ဆိုင်သန့်ရှင်းရေးလုပ်နေချိန် ကြဲခံရတာ။ ဆိုင်ထိုင် တစ်ဝိုင်း နှစ်ဝိုင်းလည်း ထိုင်နေချိန်ကျပြီး

အကြော်ဆရာတစ်ယောက်ပဲ လွတ်တယ်ကြားပါတယ်။ ကျန်တဲ့လူ ဒဏ်ရာရတာများပြီး တချို့ စိုးရိမ်ရပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီ ဗုံးကြဲချသည့် ပါရမီလက်ဘက်ရည်ဆိုင်သည် နောင်ချိုမြို့လယ်တွင် ရှိပြီး ဒေသခံများ ဆိုင်ထိုင်သောက်နေကျစဥ် ဆိုင်ပေါ် သို့ တည့်တည့်ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ညှောင်ထောက်၊ ဝက်ဝံနှင့် ဧက(၁၀၀၀၀)မှ လက်နက်ကြီးဖြင့် မြို့တွင်းသို့ ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။ 

ယမန်နေ့ကလည်း စစ်ကောင်စီသည် ထွေအုပ်ရုံးအနီးနှင့် စည်ပင်ရုံးတို့ကို လေကြောင်းမှ ဗုံးကြဲချ၍ အရပ်သားတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရသည်။ 

သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ အမျိုးသမီးများဖြစ်ကြပြီး သက်ကြီးပိုင်းတစ်ဦးနှင့် အသက်(၁၇)နှစ်အရွယ် ဝန်းကျင်တစ်ဦး အပါ နှစ်ဦးဖြစ်သည်ဟု သိရသည်။ 

ထို့အပြင် ရုံးနှစ်ရုံးလုံးနှင့် အိမ်တစ်လုံးပျက်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃)ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည်။ 

TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ မဟာမိတ် MNDAAမှာမူ စစ်ကောင်စီနှင့် ဇန်နဝါရီလ (၁၈)ရက်နေ့ကစတင်ကာ တရားဝင်အပစ်ရပ်သွားပြီ ဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: စစ်ကောင်စီ ဗုံးကြဲချသည့် ပါရမီ လက်ဖက်ရည်ဆိုင်