တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာတွင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းအား PDF ၀င်ရောက်ဖမ်းဆီးပြီး လောင်းကြေးငွေများအား သိမ်းဆည်းကာ သီးခြားဒဏ်ကြေးငွေချမှတ်၍ အရေးယူကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force – LLDF အဖွဲ့ထံမှ သိရသည်။
လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာ၌ နတ်ပွဲအကြောင်းပြကာ ပြုလုပ်နေသည့် လောင်းကစားဝိုင်းအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၃)နာရီခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် လောင်းကစား ငွေကြေး သိန်းနှစ်ရာကျော် (၂၄,၂၈၅,၇၅၀) ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လောင်းကြေးငွေများ သိမ်းဆည်းရရှိမှုအပြင် လောင်းကစားပြုလုပ်နေသူများအား သီးခြားဒဏ်ကြေးငွေပေးဆောင်စေကာ နောက်နောင်လောင်းကစားဝိုင်းများ ပြုလုပ်ခြင်း၊ ပါဝင်ကစားခြင်းများမပြုလုပ်ရန် ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြိမ်ကြိမ်သတိပေးထားပြီး နောက်ဆုံးသတိပေးထုတ်ပြန်စာအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက ပြင်းထန်းစွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လောင်းကစားဝိုင်းများဖမ်းဆီးရမိမှုမှ လောင်းကစားငွေ စုစုပေါင်း (၂၄,၂၈၅,၇၅၀) ကျပ်အား တော်လှန်ရေးလုပ်ငန်းစဉ်များတွင်အသုံးပြုသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါး ကာလအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့်အတူ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံအနှံ့တွင် လောင်းကစားဝိုင်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE