မြဝတီရှိ ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးခံရခြင်းတို့မှာ ထိုင်းနိုင်ငံ၏ တာဝန်မကင်းဟု စစ်ကောင်စီ အပြစ်တင်

မြဝတီရှိ ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးခံရခြင်းတို့မှာ ထိုင်းနိုင်ငံ၏ တာဝန်မကင်းဟု စစ်ကောင်စီ အပြစ်တင်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးခံရခြင်းတို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံ၏ တာဝန်မကင်းဟု စစ်ကောင်စီက ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများပြုလုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရန်၊ အင်တာနက်ရရှိရန်နှင့် လက်နက်ခဲယမ်းနှင့် အဆောက်အဦးများကိုရရှိရန် တဖက်နိုင်ငံ(ထိုင်း)ကို အခြေခံယူ၍ ရယူသုံးစွဲနေခြင်းဖြစ်သည်ဟု ဆိုသည်။

လုပ်ငန်းလုပ်ဆောင်သူများအနေဖြင့်လည်း မြန်မာနိုင်ငံမှ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတချို့ကို တဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသော ပြည်ပနိုင်ငံသားများဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တဖက်နိုင်ငံ(ထိုင်း)မှ တဆင့် ရယူခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ရွှေကုက္ကိုလ်နယ်မြေသည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်ခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲအကန့်အသတ်ရှိခြင်းတို့ကြောင့် နယ်မြေအတည်ငြိမ်မှုများမရှိသည့်အပြင် ကိုယ်ကျိုးစီးပွားရှာသူများ အခွင့်ကောင်းယူကာ အွန်လိုင်း လောင်းကစားအပါအဝင် ဒုစရိုက်မှုများ ကျူးနေသည်ဟု စစ်ကောင်စီက ဆိုသည်။

သို့သော်လည်း ရွှေကုက္ကိုလ်နယ်မြေသည် ၎င်းတို့၏ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ ဌာနချုပ်ဖြစ်သည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကျူးလွန်နေကြသူများသည် စစ်ကောင်စီ၏ ကန့်သတ်ချက်ရှိသည့် ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။

စစ်ကောင်စီ၏‌ ဖော်ပြချက်သည် ကျားဖြန့်လုပ်ငန်းများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့အစည်းများကို ပိတ်ပင်တားဆီးလိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟုလည်း တော်လှန်ရေးအဖွဲ့ကများ ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ လူဦးရေ (၄၁၇၆)ဦးကို စုံစမ်းပေးရန် စစ်ကောင်စီထံ သံတမန်လမ်းကြောင်း၊ အင်တာပိုလ်နှင့် ရဲဆက်ဆံရေးလမ်းကြောင်းမှတဆင့် အကြောင်းကြားလာသည်ဟု ဖော်ပြသည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များအပါအဝင် အခြားနယ်စပ်ဒေသများမှ လူဦးရေ(၅၅၇၁၁)ဦးကို ဖော်ထုတ်၍ ပြန်လည်လွှဲပြောင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် အရေးတကြီး တောင်းဆိုသည်ဟုလည်း ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

အဆိုပါမှုခင်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတိုအား အရေးတ ကြီးတောင်းဆိုထားခြင်းဖြစ်သည်။ 

တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင် အားစုများအနေနှင့် နှစ်နိုင်ငံချင်းထိတွေ့ဆက်ဆံမှုများမှ လည်းကောင်း၊ အာဆီယံဒေသတွင်းနှင့် ကုလ သမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူး ပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo: စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းရန် ဆွေးနွေးစဥ်(ပုံဟောင်း)