စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းယူပြီး ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ (၁၉)ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် မုံရွာ-မန္တလေး ၊ မုံရွာ-ချောင်းဦး လမ်ပိုင်းတနေရာတွင် ကင်းယူပြီး ခရီးသွားပြည်သူများအား ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံး တစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး နေရာတွင် သေဆုံးပြီး ၊ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခင်မွန်ရွာ ဘက်ဆုံမွေးမြူရေးခြံ စစ်ကောင်စီအထိုင်စခန်းအတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ဗမာပြည်လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: BLDF တပ်ခွဲ အညာမိုင်းအဖွဲ့