ခိုးဆိုးလုယက်မှုများ နေ့စဉ် နီးပါးဖြစ်ပွားနေပြီး သက်ဆိုင်ရာများ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားလုပ်ငန်းများစွာ လုပ်ကိုင်ခွင့် ရှိနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦး သတ်ခံရမှုမှာ လူသတ်သမားက လောင်းကစားဝိုင်းတွင် ငွေနှင့်ဆိုင်ကယ်ပါ ရှုံးပြီး ငွေလိုနေ၍ သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၂၅)နှစ်ရှိ လုံပေါက် ဆိုသူသည် ၎င်းနေထိုင်ရာ ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာကနေ တာချီလိတ်သို့ သွားရောက်ပြီးနောက် လောင်းကစားပြုလုပ်ရာ ၎င်းတွင်ပါလာသည့် ငွေ နှင့် ဆိုင်ကယ်မှာ လောင်းကစားရှုံး၍ ကုန်သွားသည့်အတွက် ငွေရရှိရန် ဆိုင်ကယ်သမားတစ်ဦးဦးကို သတ်ပြီး ဆိုင်ကယ်လုယူရန် ကြံဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် လုံပေါက်သည် ဆိုင်ကယ်တစ်စီးကို တနည်းနည်းဖြင့် လုယူရန် ဆုံးဖြတ်ပြီးနောက် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း Golden Cherry ဟိုတယ်ရှေ့ရှိ ဆိုင်ကယ် Taxi ဂိတ်သို့ သွားရောက်ကာ တာလေသို့ ထိုင်းဘတ်ငွေ (၉၀၀)ဖြင့် လိုက်ပါ ပို့ဆောင်ပေးရန် ငှားရမ်းသည့်အတွက် ရွှေတာချီခရီးသွားလုပ်ငန်း(ရွှေတာချီလူမှုကူညီရေးအသင်း)၏ ကျောနံပါတ်(၅၉၅)ဝတ်ဆင်သည့် အသက်(၂၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်က လိုက်ပါ ပို့ဆောင်ပေးကြောင်း သိရသည်။
ဆိုင်ကယ် ဂိတ်မှ ထွက်လာပြီးနောက် လုံပေါက်သည် တာချီလိတ်မြို့တွင်း အိမ်တွင်းအသုံးအဆောင် ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ရှေ့တွင် ကိုပြည့်ဖြိုးအောင်အား ခေတ္တရပ်စောင့်ခိုင်းပြီးနောက် ၎င်းသည် ဆိုင်အတွင်းသို့ ဝင်သွားကာ အရှည်(၁)ပေဝန်းကျင်ရှိသည့် ဓါးမ တစ်ချောင်း ဝယ်လာခဲ့ကြောင်း သက်ဆိုင်ရာများ၏ စစ်ဆေးချက်အရ သိရသည်။
လုံပေါက်သည် တာလေမြို့ရှောင်လမ်းဆုံအရောက်တွင် မူလပြောဆိုထားသည့် နမ့်ခင်းရွာသို့ မဟုတ်တော့ဘဲ ကျကရွာဘက်သို့ မောင်းပို့ပေးရန် နှင့် ငွေပိုပေးမည်ဖြစ်ကြောင်းလည်း ပြောသည့်အတွက် ကိုပြည့်ဖြိုးအောင်သည် မြို့ရှောင်လမ်းကနေ ကျကရွာဘက်သို့ ဆက်လက် မောင်းပို့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျကရွာ မရောက်မီ တောင်ကြားတစ်နေရာတွင် လုံပေါက်သည် ဆိုင်ကယ်အား ရပ်ခိုင်းပြီးနောက် ဆိုင်ကယ်ပေါ်မှ ရုတ်တရက်ဆင်းကာ ကိုပြည့်ဖြိုးအောင်၏ ရှေ့တည့်တည့်တွင်ရပ်ပြီး ၎င်းတွင် ပါလာသည့် ဓါးမဖြင့် ခုတ်လိုက်ရာ ဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး တဆက်တည်းမှာပင် လုံပေါက်သည် ကိုပြည့်ဖြိူးအောင်၏ ဦးခေါင်းကို ခုတ်လိုက်ခြင်းကြောင့် ကိုပြည့်ဖြိုးအောင်မှာ နေရာ၌ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်အရ သိရသည်။
ဓါးဖြင့် ခုတ်သတ်ပြီးနောက် လုံပေါက်သည် အလောင်းအား ချောက်အတွင်းသို့ ပစ်ချကာ အလောင်းဖျောက်ဖျက်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"သူ့ကို ဘယ်လိုမီတာလဲဆိုတော့ (၁၆)ရက်နေ့ ညနေလောက်မှာ ကောင်လေးကို ဆက်သွယ်လို့လည်း မရတော့တာရယ်။ လက်ရှိ တာချီလိတ်မှာ ဖြစ်ပျက်နေတဲ့ အနေအထားကြောင့် စိုးရိမ်ပြီး သူ့မိသားစုဝင်တွေနဲ့ရော ဂိတ်က တာဝန်ရှိသူတွေနဲ့ပါ စုံစမ်းရှာဖွေတာတွေ။ ရဲစခန်းကို အကြောင်းကြားတာတွေ လုပ်တာရောပေါ့။ သူ့အဖေ နဲ့ ဂိတ်က တာဝန်ရှိသူတွေက နမ့်ခင်းအထိသွားရှာကြတာ။ (၁၇)ရက်နေ့လည်း ရောက်ရော နမ့်ခင်းရွာမှာ လူသတ်သမားကို ပြည့်ဖြိုးအောင်ရဲ့ ဆိုင်ကယ်နဲ့အတူ ဖမ်းမိတယ်။"ဟု ရွှေတာချီခရီးသွားလုပ်ငန်း(ရွှေတာချီလူမှုကူညီရေးအသင်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဇန်ဝါရီလ(၁၉)ရက်နေ့တွင် ပြောပြသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ လူသတ်တရားခံ လုံပေါက်အား ဖမ်းဆီးရမိထားပြီး မိုင်းလင်းနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၂၅၊ အမှုကြီး အမှတ်စဉ် (၁/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၇ ဖြင့် အမှုဖွင့်ကာ လက်ရှိတွင် မိုင်းလင်းရဲစခန်းကနေ တာချီလိတ်မြို့မရဲစခန်းသို့ ပြောင်းရွှေ့ထားပြီး အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိမရှိကိုပါ စစ်ကြောနေကြောင်း သိရသည်။
လူသတ်မှုမှာ ၂၀၂၅ခုနှစ် ဇန်ဝါရီလ(၁၆)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး တရားခံအား ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
လူသတ် တရားခံ လုံပေါက်သည် ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာတွင် ဇနီးဖြစ်သူနှင့်အတူ ဦးလေးနေအိမ်၌ ယာယီလာရောက် တည်းခိုနေထိုင်သူဖြစ်ပြီး ၎င်း၏ မူလ ဇာတိမှာ နောင်ချို့မြို့က ဖြစ်ကြောင်း နှင့် နမ့်ခင်းကျေးရွာတွင် နေထိုင်နေသည်မှာ (၂)လဝန်းကျင်သာရှိသေးကြောင်းအပြင် ၎င်းသည့် နမ့်ခင်းကျေးရွာတွင် နေထိုင်စဉ်အတွင်း တာချီလိတ်သို့ မကြာခဏ သွားရောက်ပြီး လောင်းကစား ပြုလုပ်လေ့ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ခရီးတို ပို့ဆောင်ရေးအဖြစ် လူမှုကူညီရေးအသင်း(တာချီလိတ်)အမည်ကနေ "ရွှေတာချီလူမှုကူညီရေးအသင်း"နှင့် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကနေ ပြောင်းလဲကာ ဆိုင်ကယ် Taxi ပြေးဆွဲခြင်း လုပ်ငန်းကို လုပ်ကိုင်နေလျက်ရှိရာ ရွှေတာချီခရီးသွားလုပ်ငန်းတွင် ဆိုင်ကယ်ဂိတ်ပေါင်း (၆၀)ကျော်ရှိပြီး ဆိုင်ကယ် Taxi ပြေးဆွဲသူ (၉၀၀)ကျော်ရှိကြောင်း သိရသည်။
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်သမားများကို ပစ်မှတ်ထားပြီး ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယူမှုများနှင့် ပတ်သက်၍ ၂၀၂၃ခုနှစ်အတွင်းက ဆိုင်ကယ်သမား(၁)ဦး သတ်ခံရသည့် ဖြစ်စဉ် အပါအဝင် (၃)ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် (၃)ခု စုစုပေါင်း ဖြစ်စဉ် (၄)ခု ဖြစ်ပွားခဲ့သလို ၂၀၂၄ခုနှစ်အတွင်းကလည်း ဆိုင်ကယ်သမားတစ်ဦး ဓါးဖြင့် ထိုးခံရသည့် ဖြစ်စဉ် (၁)ခု ဖြစ်ပွားခဲ့သေးသည်။
ဓါတ်ပုံ - ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း, ရွှေတာချီလူမှုကူညီရေးအသင်း