တာချီလိတ်တွင် ဖမ်းဆီးရမိပြီးနောက် ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသူကို နယ်နှင်ဒဏ်ပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသူ (၁) ဦးအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၌ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။
ထိုင်းနိုင်ငံသူ ဖုထချတ်ဆိုင်ကျောက်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် တာချီလိတ်ဘက်သို့ မယ်ဆိုင်ချောင်းဘက်မှ တရားမဝင် ဝင်ရောက်လာကြောင်းကိုပါ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသူအား ရဲတပ်ဖွဲ့က အမှုစွဲတင်ရာ တာချီလိတ်မြို့နယ်တရားရုံးက မူး/စိတ် ၁၉(က) ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၁)အရ စွဲချက်မတင်မီ တရားရှင်လွှတ်စေရန်နှင့် ခိုးဝင်မှုအတွက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)ကျူး/ ၁၃(၁)အရ ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောင်ဒဏ် (၆)လမှာ အကျဉ်းထောင်လျှော့ရက်ခံစားခွင့်ဖြင့် စက်တင်ဘာလ (၂၁)ရက်နေ့၌ ပြစ်ဒဏ်စေ့သွားသဖြင့် အမည်ပျက်စာရင်းရေးသွင်းပြီး ထိုင်းနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း