တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မနီးမဝေးတွင် ဓါးဖြင့်ခုတ် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား၊ တရားခံများကို GPS ကနေ တဆင့် ရှာဖွေပြီး ပစ်ခတ် ဖမ်းဆီး

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မနီးမဝေးတွင် ဓါးဖြင့်ခုတ် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား၊ တရားခံများကို GPS ကနေ တဆင့် ရှာဖွေပြီး ပစ်ခတ် ဖမ်းဆီး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်တွင်  သေနတ်ဖြင့် ပစ်ပြီး ဆိုင်ကယ်လုယက်လေ့ရှိသည့် အဖွဲ့များအနက် တရားခံ လူငယ်(၃)ဦးကို တာချီလိတ်ရဲတပ်ဖွဲ့က ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် GPS ကြောင့် ရှာဖွေတွေ့ရှိသွားပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ပေါ်  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မနီးမဝေးဖြစ်သည့်  ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံရှိ ကြီးမြတ်သောရွှေမြင်းရွှေဆိုင်(၂)ရှေ့တွင် ဆိုင်ကယ်မောင်းလာသူအား လူငယ်(၃)ဦးက ခေါင်းကို ဓါးဖြင့် လှမ်းခုတ်ကာ ဆိုင်ကယ်ကို လုယက်သည့်အပြင် ထွက်ပြေးပြီး နီးစပ်ရာကို အကူအညီတောင်းသည့် ဆိုင်ကယ်ပိုင်ရှင်ကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အနီးရှိ ရွှေဆိုင်မှ လုံခြုံရေး ဝန်ထမ်းတစ်ဦး ကျည်ထိမှန်မှု အထိပါ ထပ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါးဖြင့် ခုတ်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်မှာ ကိုအောင်မြင့်မြတ်ဆိုသူဖြစ်ပြီး ၎င်းသည် ဓါးဖြင့် ခုတ်ခံရမှုကြောင့် ဦးခေါင်းတွင် (၃)လက်မခန့် ပြတ်ရှဒဏ်ရာကြီး ရရှိသွားသလို ရွှေဆိုင်မှ လုံခြုံရေးဝန်ထမ်း ကိုမြင့်မြတ်ထွန်းသည်လည်း  ပေါင်နှစ်ဖက်စလုံးတွင် သေနတ်ကျည် ထိမှန်သည့် ဖောက်/ထွက် ဒဏ်ရာ (၂)ချက် ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ(၁၄)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်ရဲတပ်ဖွဲ့က ဆိုင်ကယ်တွင် တပ်ဆင်ထားသည် Happy GPS ၏ လမ်းကြောင်းကို ကြည့်ပြီး  လိုက်လံရှာဖွေဖမ်းဆီးရာမှ မိုင်းဖုန်းသို့ သွားရာလမ်းဖြစ်သည့် ဝေလှေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး ဝေလှေလန်ကျေးရွာ နှင့် အာခါကျေးရွာချင်းဆက်လမ်းအနီးတွင် တွေ့ရှိ၍ တားမြစ်ဖမ်းဆီးရာ တရားခံများမှာ ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ် ဖမ်းဆီးမှုကြောင့် လုယက်သည့် အဖွဲ့ခေါင်းဆောင်  ချဉ်ငံစပ်(ခ)စိုးမိုးအောင် ဆိုသူ၏ ပေါင်တွင် ကျည်(၁)ချက် ထိမှန်သလို ကျန်(၂)ဦးအနက် တစ်ဦးမှာ ခြေကျင်းဝတ်တွင် တစ်ချက် ဒဏ်ရာရသွားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အဖွဲ့ခေါင်းဆောင်  ချဉ်ငံစပ်(ခ)စိုးမိုးအောင်၊ ဖိုးသား နှင့် ကိုကိုလတ်(ခ)ဖက်တီးတို့အား ကနဦး စစ်ဆေးမှုများအရ ယခုဖြစ်စဉ်မတိုင်မီ ဇွန်လ(၁၃)ရက်နေ့ ည(၁၀)နာရီခွဲကျော်အချိန်ကလည်း ပုန်းထွန်ရပ်ကွက်အတွင်း ငွေတောင်ဦးကမ္မဌာန်းဘုန်းကြီးကျောင်းလမ်းနှင့် စည်ပင်ကုန်းလမ်းဆုံအနီးတွင် ဓါးဖြင့်ခုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဆိုင်ကယ်လုယက်သည့် ပြစ်မှုကိုလည်း ကျူးလွန်ခဲ့သေးကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ထပ်မံ သိရသည်။

ပုန်းထွန်ရပ်ကွက်အတွင်းဖြစ်ပွားသည့် အဆိုပါ ဖြစ်စဉ်တွင် ဓါးဖြင့် ခုတ်ခံရသည့် အမျိုးသားမှာ ဦးခေါင်း နှင့် ပခုံးတို့တွင် ကြီးမားသည့် ဓါးဒဏ်ရာရရှိသွား၍ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် လုယက်သည့် အဖွဲ့များကို ဖမ်းဆီးရရှိမှုများ ရှိခဲ့သော်လည်း တာချီလိတ်ရဲတပ်ဖွဲ့က ဆက်လက်၍ သူခိုးလက်ခံ ဝယ်ရောင်းများနှင့် နောက်ဆက်တွဲ တရားခံများကို ထပ်မံဖော်ထုတ်ခြင်း ကိစ္စမှာ နည်းပါးသည့်အတွက် ကွင်းဆက်များကို ထိထိရောက်ရောက် ဖော်ထုတ်ပေးရန် ဝန်ထမ်းဟောင်းတစ်ဦးက အကြံပြု ပြောဆိုသည်။

"အခု ဖမ်းဆီးရမိတာကလည်း ဆိုင်ကယ်မှာ တပ်ထားတဲ့ Happy GPS ကြောင့် အမြန် ဖမ်းမိတာ။ ဆိုင်ကယ်တွေ GPS တပ်ထားသင့်တယ်။ တခုခုဆို အထောက်အကူဖြစ်တာပေါ့လေ။ ဘယ်လိုဖြစ်ဖြစ် အခုတလော ဖမ်းမိတာတွေရှိလာတဲ့အတွက် တာချီလိတ်ရဲတွေ အလုပ် မလုပ်တာထက်စာရင် အရင်ကထက် အခု ခရိုင်ရဲမင်းကြီး လက်ထက်မှာ ကောင်းလာတယ်လို့ အကောင်းမြင်စိတ်နဲ့ ပြောရမလိုပါပဲ။ အခု ဖမ်းမိထားတဲ့ လူတွေကို သေချာစစ်ရင် အရင်က လုပ်ခဲ့တဲ့ အမှုတွေပါ ကြိမ်းသေ ပေါက်ပေါ်ဦးမှာပါ။ တာချီလိတ်က လုယက်မှု၊ ခိုးမှုတွေနဲ့ ပတ်သက်ပြီး သိနေပြီးသားဖြစ်တဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံးက ရဲအုပ် ကိုကိုဦး အနေနဲ့  ကောင်းကောင်းဖော်ထုတ်နိုင်မှာပါ။ ကြိုးစားဖော်ထုတ်စေချင်တယ်။  တာချီလိတ်မြို့မှာ နေ့စဉ်ဖြစ်ပျက်နေတာ ပြည်သူတွေအတွက် လုံခြုံမှု မရှိတော့ဘူးဖြစ်နေလို့ ကျန်ရှိတဲ့ တရားခံတွေအပြင် သူတို့ လုယူထားတဲ့ ဆိုင်ကယ်တွေကို လက်ခံဝယ်ယူပေးတဲ့ ဝယ်ရောင်းတွေ သူခိုးလက်ခံတွေကိုရော ဖော်ထုတ် ဖမ်းဆီးပြီး ထိထိရောက်ရောက် လုပ်စေချင်တယ်။ အဲ့လို ဖော်ထုတ်ပြီးရင် ပြည်သူကို မီဒီယာကနေပါ ချပြစေချင်တယ်"ဟု တာချီလိတ်မြို့တွင် အနေကြာသည့် အငြိမ်းစား ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လတ်တလောတွင် ၎င်းတို့(၃)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထားပြီး  ဆက်လက်၍ စစ်ကြောရေးပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ ပုံမှန်ဖြစ်နေကြအတိုင်း နေ့စဉ်ဖြစ်ပွားနေသလို ပြန်ပေးဆွဲမှုများလည်း မကြာခဏဖြစ်ပွားနေလျှက်ရှိရာ  ဝိန်းကျောက်ရပ်ကွက် တော်ကော့တွင်းရှိ လမ်းကြားတွင် ၂၀၂၄ခုနှစ် ဇွန်လ(၁၂)ရက်နေ့ နံနက်(၈)နာရီ ဝန်းကျင်အချိန်ကလည်း ပြန်ပေးဆွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။