ချောင်းဦးတွင် ပြည်သူပိုင်အဆောက်အဦးအတွင်း ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်း အသင့်ထောင်ထားသည့် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ချောင်းဦးတွင် ပြည်သူပိုင်အဆောက်အဦးအတွင်း ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်း အသင့်ထောင်ထားသည့် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ပြည်သူပိုင်အဆောက်အဦးအတွင်း ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ မနက်ပိုင်းတွင် အသင့်ထောင်ထားသည့် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတနေရာရှိ ပြည်သူပိုင်အဆောက်အဦး တခုအတွင်းသို့ ကင်းပုန်းဝတ်ရန် ဖောကား (၂)စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် (၉)နာရီကျော်တွင် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်မှ အဆောက်အဦး ၀င်ပေါက်တွင် မိုင်း (၂)လုံး ၊ အဆောက်အဦးနှင့် မုံရွာ-မန္တလေး လမ်းမကြားတွင် မိုင်း (၂)လုံး စုစုပေါင်း ပဒေသာမိုင်းပွိုင့် (၄)လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး နေရာတွင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးခန့်ရှိကာ ၎င်းတို့အနက်မှ (၂)ပွင့် ဗိုလ်တစ်ဦး ချောင်းဦးဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး အလောင်းနှင့်ဒဏ်ရာရရှိသူများအား သယ်ဆောင်ရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးနှင့် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်မှ တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ က ဆိုသည်။

တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အဆောက်အဦးအရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး၏ ရုပ်အလောင်းများအား ယနေ့ နေ့လယ် (၁၂)နာရီ (၄၉) မိနစ်အထိ စစ်ကောင်စီတပ်ဘက်မှ လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ (၄)မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှု (၂)ခုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးနှင့် ဒဏ်ရာရရှိသူ များပြား၍ စစ်ကောင်စီတပ်ဘက်မှ လက်တုံပြန်နိုင်သဖြင့် မုံရွာ-မန္တလေး လမ်းမကြီး အသုံးပြုသွားလာကြမည့် ပြည်သူများ သတိထားသွားလာကြရန် ချောင်းဦးမြို့နယ် ပကဖ က တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

#TNA_LE