စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ထံမှ သိရသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ မုံရွာမြို့ နမခ သို့ ပြောင်းရွှေ့လာခဲ့သည့် စစ်တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် မျိုးမင်းထွေးအား ကြိုဆိုသည့် စစ်ဆင်ရေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ ည (၁၀)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ရှော့တိုက်ရော့ကတ် အလုံး (၃၀) ဖြင့် မုံရွာ နမခ ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တော်လှန်ရေးတက်ဖွဲ့များမှ ပစ်ခတ်သည့် ရော့ကတ်များသည် စစ်တိုင်းရုံးဝန်းအတွင်းရှိ လူများနေထိုင်ရာနေရာများဖြစ်သည့် တိုင်းမှူး၏ အိမ်ယာဝန်းအတွင်း အပါအဝင် အရာရှိနေအိမ် (၇)လုံးတန်း ၀န်းအတွင်း ၊ (၆)ခန်းတွဲ စစ်သည်နေအိမ်၊ စစ်သည်ရိပ်သာ (၂)ဆောင်၊ လူပျိုဆောင် (၁)ဆောင် အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် နမခ အတွင်းရှိ စစ်တပ်ဌာနရုံးများအပါအဝင် စစ်ရေးပစ်မှတ်များ ဖြစ်သည့် ငွေစာရင်းရုံး၊ ရိက္ခာဖြန့်ဝေဌာန၊ စစ်ရေးပြ (ပရိတ်)ကွင်း၊ ဇေယျာသီရိခန်းမ၊ ရဟတ်ယာဉ်ကွင်းသစ် ခဲယမ်းသိုလှောင်ရုံအနီးရှိ ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဉ် နှင့် Nora B-52 155mm ယာဉ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဉ်ရုံ အနီး၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်၊ ပဲ ဂိုဒေါင်နှင့် နမခတပ်နယ် မြောက်ဘက် ၁၂၀ မမ အထိုင်ကာကင်းစခန်းအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ချင်းတွင်းရော့ကတ်ညီနောင် က ဆိုသည်။
တိုက်ခိုက်မှုကြောင့် အဆရ-၁၂ မှ ဗိုလ်ကြီး (၁) ဦး ၊ တိုင်းစစ်ဦးစီးချုပ်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကောင်းခန့်ဇော် ၊ တပ်ကြပ်ကြီး (၁) ဦး အပါအ၀င် စုစုပေါင်း (၁၁) ဦး နေရာတွင် သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ (၄)ဦးသည် တပ်မတော်ဆေးရုံနှင့် မုံရွာပြည်သူ့ဆေးရုံကြီးတို့တွင် ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
အဆိုပါ တိုက်ခိုက်မှုအား ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သည့် Anonymous Heroes ၊ ချိုမိုင်မိုင်(ကနီ)၊ Advance-47၊ Chindwin Brothers နှင့် ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Chindwin Rocket Brother -CRB