တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦးကို သတ်ကာ အလောင်းဖျောက်ဖျက်ပြီး ဆိုင်ကယ် ယူဆောင်မှု ဖြစ်ပွား

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦးကို သတ်ကာ အလောင်းဖျောက်ဖျက်ပြီး ဆိုင်ကယ် ယူဆောင်မှု ဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦးကို သတ်ပြီး အလောင်းဖျောက်ကာ ဆိုင်ကယ် ယူဆောင်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဂိုဒင်းချယ်ရီဟိုတယ်ရှေ့ရှိ ဆိုင်ကယ် Taxi ဂိတ်မှ ကျောနံပါတ်(၅၉၅)ဝတ်ဆင်သည့် ကိုပြည့်ဖြိုးအောင် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့ နေ့လည်ပိုင်းအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဂိုဒင်းချယ်ရီဟိုတယ်ရှေ့ရှိ ဆိုင်ကယ် Taxi ဂိတ်တွင် ခရီးသည်အမျိုးသားတစ်ဦးက တာလေ နှင့် ကျိုင်းလပ်အကြားရှိ နမ့်ခင်းကျေးရွာသို့ လိုက်ပါ ပို့ဆောင်ပေးစေလိုကြောင်း ပြောသည့်အတွက် လိုက်ပါ ပို့ဆောင်ပေးရာမှတဆင့် သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုပြည့်ဖြိုးအောင်သည် နေ့လည် (၂)နာရီဝန်းကျင်အချိန်က စတင်ထွက်ခွာသွားပြီးနောက် နေ့လည်(၃)နာရီဝန်းကျင်တွင် တာလေမြို့သို့ ရောက်ရှိသည်အထိ ဖုန်းအဆက်အသွယ်ရရှိခဲ့သော်လည်း ည(၆)နာရီကျော် နောက်ပိုင်းတွင် ဖုန်းအဆက်အသွယ်မရတော့ကြောင်း သိရသည်။

အဆက်အသွယ်မရတော့၍  ကျိုင်းလပ် နှင့် တာလေအကြား နမ့်ခင်းကျေးရွာအထိ ဂိတ်သားများနှင့်မိသားစုဝင်များ အပါအဝင် ရွှေတာချီမှ တာဝန်ရှိသူများ သွားရောက် စုံစမ်းရာမှတဆင့် ကိုပြည့်ဖြိုးအောင် သတ်ခံရသည်ကို သိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် Taxi သမား ကိုပြည့်ဖြိုးအောင် အား  လုံပေါက် နှင့် အမျိုးသား(၂)ဦးက သတ်ပြီး ရေချောင်းထဲတွင် အလောင်းဖျောက်ကာ ဆိုင်ကယ်အား ရွာအတွင်းသို့ စီးလာရာမှ ဖော်ထုတ်ရမိခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။

"လောလောဆယ် တရားခံ (၃)ယောက် မိထားတယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ သူ့ရဲ့ အလောင်းကိုတော့ ရေချောင်းထဲမှာ ဖျောက်ထားတယ်လို့ ပြောတယ်။  ဘယ်ချောင်းလဲဆိုတာတော့ မသိရသေးဘူး။ သတ်တာက မိုင်းလင်း(အရှေ့)မှာ သတ်တာ။ တရားခံကို မိတာကတော့ နမ့်ခင်းမှာ မိတာ။ သတ်ခံရတဲ့ ဆိုင်ကယ်သမားက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး သဘောကောင်းတဲ့သူပါ။ သူ့ဆိုင်ကယ်က ဝယ်ထားတာတောင် မကြာသေးဘူးလို့ သိရတယ်"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

လက်ရှိတွင် လူသတ်တရားခံအား ဖမ်းဆီးထားပြီး စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားများကို ပစ်မှတ်ထားပြီး ဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်  ၂၀၂၃ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်ကလည်း  အမည်မသိ အမျိုးသား ခရီးသည် တစ်ဦးသည် ဆိုင်ကယ် Taxi သမားအား ဓါးဖြင့် ထိုးပြီးနောက် ဆိုင်ကယ် လုယူရန် ကြိုးပမ်းမှုလည်း ဖြစ်ပွားခဲ့သေးသည်။

ခိုးဆိုးလုယက်မှုများ နေ့စဉ် နီးပါး ဖြစ်ပွားနေပြီး ပြည်သူများအတွက် လုံခြုံမှု မရှိတော့သည့် တာချီလိတ်မြို့တွင် ရွှေတာချီလူမှုကူညီရေးအသင်းက ၎င်းတို့၏ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi မောင်းသူများအား ဆိုင်ကယ်ပြေးဆွဲကြရာတွင် သတိရှိကြရန် ၊ ခရီးဝေးပို့ဆောင်ရပါက ဓာတ်ပုံမှတ်တမ်းယူထားကြရန်၊ ညဘက်ပြေးဆွဲရာတွင်လည်း အတင့်ရဲစွာ မပို့ဆောင်ကြရန် နှင့် တတ်နိုင်လျှင် ဆိုင်ကယ်(၂)စီးဖြင့် သွားရန် ၂၀၂၃ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က နောက်ဆုံး အသိပေးထုတ်ပြန်ထားသေးသည်။

တာချီလိတ်မြို့တွင် ခရီးတို ပို့ဆောင်ရေးအဖြစ်   လူမှုကူညီရေးအသင်း(တာချီလိတ်)အမည်ကနေ "ရွှေတာချီလူမှုကူညီရေးအသင်း"နှင့် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကနေ ပြောင်းလဲကာ  ဆိုင်ကယ် Taxi ပြေးဆွဲခြင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေလျက်ရှိရာ ရွှေတာချီခရီးသွားလုပ်ငန်းတွင် ဆိုင်ကယ်ဂိတ်ပေါင်း (၆၀)ကျော်ရှိပြီး ဆိုင်ကယ် Taxi ပြေးဆွဲသူ (၉၀၀)ကျော်ရှိကြောင်း သိရသည်။