မွန်ပြည်နယ် ရေးမြို့ရှိ စကခ (၁၉) နှင့် (၄)မိုင်အကွာ ကျုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် မွန်၊ ကရင်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန်နေသည်။
တော်လှန်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုကို သိရှိသွားပြီးနောက် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က စတင်ကာ (၁၁)ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာက တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားသည်ဟု တော်လှန်ရေးတပ်များဘက်က ဆိုသည်။
“သူတို့ ထိုးစစ်ဆင်တာထက် ခံစစ်ကိုပြင်ဆင်နေတယ်လို့ ကျွန်တော်တို့ သဘောပေါက်တယ်။ ကျွန်တော်တို့ရဲ့ စစ်ဦးက ဘယ်နေရာရှိသလဲဆိုတာ သိချင်လို့ သွေးတိုးစမ်းတဲ့အနေနဲ့ တိုက်ပွဲသုံးပွဲကို ဆင်နွှဲတာလို့ ယူဆရတယ်။”ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ပြောရေးဆိုခွင့်ရှိသူ နာဲဝင်နာဲ က Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့တွင် ကျုံလောင်းရွာတဝိုက်ကို အင်အား(၄၀၀)ကျော်နှင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရေးမြို့နယ် ပတ်ဝန်းကျင်တွင် ခံစစ်ပြင်ဆင်နေသည်ဟုလည်း ဆိုသည်။
“အခုဆို သူတို့အင်အားတွေ ထပ်ဖြည့်ပြီးတော့ ရေးမြို့နယ် တစ်မြို့နယ်လုံးရဲ့ ပတ်ဝန်းကျင်မှာ အထူးသဖြင့် ရေးချောင်းဖျားကနေပြီးတော့ မြို့ကိုဝင်တဲ့လမ်းတွေ မှန်သမျှ ရန်သူတွေက ထပ်ဖြည့်တင်းပြီးတော့ ခံစစ်တွေပြင်ထားတယ်။”ဟု ၄င်းက ဆိုသည်။
တော်လှန်းရေးတပ်ပေါင်းစုက ရေးမြို့ကို သိမ်းရန်အကြံအစည်ရှိသည်ဟု စစ်ကောင်စီတပ်ဘက်က ယူဆ၍ ၎င်းတို့၏စစ်ဆင်ရေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေသည်ဟု သိရသည်။
တိုက်ပွဲသည် ဇန်နဝါရီလ (၉)ရက်နေ့က စတင်ကာ (၁၁)ရက်နေ့အထိ တိုက်ပွဲကြီး (၃)ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံး(၄)လုံးကြဲချကာ လက်နက်ကြီးနှင့်လည်း ပစ်ခတ်သည်ဟု ဆိုသည်။
“၁၁ ရက်နေ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အားထပ်ဖြည့်တင်းထားတာရှိတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ဒီနေ့ (၁၆) ရက်နေ့မှာတော့ အားလုံးတိတ်ဆိတ်နေတယ်။ ဒါပေမယ့် ရန်သူက လုံးဝဆုတ်သွားတာမရှိသလို မျက်နှာချင်းဆိုင် ရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိနေတယ်။”ဟု နာဲဝင်နာဲ က ပြောသည်။
ဇန်နဝါရီလ (၉)ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် (၇၀)ဦးဝန်းကျင်သေပြီး ဒဏ်ရာရသူများကာ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်(၃)ဦး မစိုး ရိမ်ရဒဏ်ရာရသည်ဟု သိရသည်။
“အခုလို ရင်ဆိုင်နေရတဲ့အခြေအနေကနေပြီးတော့ မကြာခင်မှာ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်မယ်လို့တော့ သုံးသပ်တယ်။ ရန်သူအင်အားတွေ ထပ်ဖြည့်လာနေတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်ကလည်း ပြန်လည်ခုခံဖို့ ပြင်ဆင်ထားတယ်။”ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ကျောက်မီးချောင်း၊ ကျုံလောင်း(ရွာသစ်)၊ ကျုံလောင်း(ရွာဟောင်း)၊ ဝယ်ပေါင်၊ ဝယ်ဇင်၊ အိုင်ဘုတ်ရွာများမှ ဒေသခံများအားလုံး တိမ်းရှောင်နေရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးလိုသဖြင့် လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေ၍ ပြည်သူ (၁၀၀၀)ဝန်းကျင်တိမ်းရှောင်နေရပြီး နေရပ်ကိုပြန်မလာသေးရန်လည်း မေတ္တာရပ်ခံထားသည်။
“အဓိကတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ တချို့ကျတော့လည်း မိသားစု ဆွေမျိုးတွေရှိရာ ရေးဘက်ကို ပြောင်းရွှေ့သွားကြတာရှိတယ်။”ဟု နာဲဝင်နာဲ က ပြောသည်။
စစ်ကောင်စီတပ်များသည် ရေးမြို့ရှိ စကခ(၁၉)လက်အောက်ခံ ခလရ(၃၁)၊ ခလရ(၆၁)၊ ခလရ(၁၀၆)၊ ခမရ(၂၉၉)၊ ခမရ(၃၄၃)၊ ခမရ(၅၈၆)၊ ခမရ(၅၈၇)၊ ခမရ(၅၈၃)၊ ခမရ(၅၉၁)၊ အမတ(၃၁၆)တို့မှ အင်အားများဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များဘက်ကမူ မွန်ပြည်တော်လှန်ရေးတပ်၊ မွန်ပြည်သစ်ပါတီ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊ မွန်ပြည်ကာကွယ်ရေးတပ်၊ KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်တို့က ခုခံနေသည်။
ထို့အပြင် ကျိုက်ထိုခရိုင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးတွင်လည်း စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထိုဘက်မှ ဘီးလင်းဘက်သို့ ဆင်းလာသည့် ကား(၇)စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီး ပျက်စီးကာ (၆)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် ကားအား အချိန် (၂)နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ လာရောက်သယ်ဆောင်သွားပြီး လမ်းပိတ်စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ(၇)ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီတပ်သား(၁၆)ဦး လက်နက်မျိုးစုံ (၁၅)လက်ယူဆောင်လာပြီး တော်လှန်ရေးတပ်များထံ အလင်းဝင်လာသေးသည်။
#TachileikNewsAgency
#TNA_MAT
Photo:Mon State Revolutionary Force - MSRF