ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားသည့် တနှစ်နီးပါး စစ်ပဋိပက္ခအတွင်း အရပ်သား (၁၀၀)ကျော် သေဆုံးပြီး (၂၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး Pa-O Youth Organization ၏ အချက်အလက်စုဆောင်းမှုအရ သိရသည်။
လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင် ၊ ဟိုပုံး ၊ ပင်လောင်း ၊ ဆီဆိုင် ၊ ဖယ်ခုံနှင့် မောက်မယ်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားလာခြင်း (၁)နှစ် ပြည့်တော့မည်ဖြစ်ပြီး ၊ အဆိုပါ တစ်နှစ်နီးပါး စစ်ပဋိပက္ခအတွင်း အရပ်သား (၁၂၉)ဦး သေဆုံးပြီး ၊ (၁၈၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရပ်သား သေဆုံးမှုများထဲတွင် အမျိုးသား (၈၉)ဦး ၊ အမျိုးသမီး (၁၆)ဦးနှင့် ကလေးငယ် (၁၈)ဦးပါဝင်ပြီး ၊ သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးခဲ့ရသူ (၄၆)ဦး ရှိကြောင်း သိရသည်။
ထို့အပြင် တစ်နှစ်နီးပါး စစ်ပဋိပက္ခအတွင်း အရပ်သားနေအိမ် (၁၃၇၇)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၊ ဘာသာရေး အဆောက်အအုံ (၃၂)လုံး ၊ စာသင်ကျောင်း (၁၄)လုံး ၊ လမ်းတံတား (၁၆)ခု ၊ ဆေးရုံ ဆေးခန်း (၄)ခုနှင့် ဈေး (၁)ခုတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အရပ်သား သေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးခြင်း၏ ၆၀ ရာခိုင်နှုန်းခန့်သည် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။
စစ်ရေးပဋိပက္ခကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် ၊ ပင်လောင်းနှင့် ညောင်ရွှေတို့တွင် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသူ အရပ်သားပြည်သူ (၆၅,၀၀၀)နှင့် အထက်ရှိနေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ၏ ၃ ပုံ ၂ ပုံခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ပအိုဝ်း လူငယ်အစည်းအရုံးက အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:စစ်ရေးပဋိပက္ခများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း တွေ့ရသည့် စစ်ဘေးရှောင်များ(ပုံဟောင်း)