ဖမ်းမိသည့် စစ်ကောင်စီတပ်သားကို ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်ဘက်က ဖုန်းဆက်တောင်း

ဖမ်းမိသည့် စစ်ကောင်စီတပ်သားကို ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်ဘက်က ဖုန်းဆက်တောင်း

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်းအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားကို ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်သားဟု ယူဆရသူတစ်ဦးက Snipe Rangers Force (Local - PDF)ထံ ဖုန်းဆက်ပြောဆိုသည်ဟု သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ ညပိုင်းက တော်လှန်ရေးတပ်များသည် မိုင်းကွင်းအား အသက်သွင်းရန်သွားစဉ် PDF စစ်ယူနီဖောင်းဝတ် ကင်းချထားသည့် စစ်ကောင်စီတပ်သား(၁၀)ဦးအနက် တစ်ဦးအား PDF (၇)ဦးက သေနတ်ထောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

“ဖုန်းဆက်ပြီး ပြန်လွှတ်ပေးဖို့ပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဘယ်သူမှန်းမသိဘူး။ သေချာတော့ အတည်ပြုမရဘူး။ သူ့ကိုယ်သူတော့ တပ်ကြပ်ကြီးစာရေးလိုတော့ ပြောတာပဲ။ အဲဒီတစ်ယောက်ကို ပြန်လွှတ်ပေးလို့ရမလား ဘာညာပေါ့။ ကျွန်တော်လည်း ကျွန်တော့်ဆီမှာ မရှိတော့ဘူးလို့ပဲ ဖြေလိုက်တော့ ဖုန်းချသွားတယ်။”ဟု Snipe Rangers Force (Local - PDF)မှ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော် ဆလိုင်း)က Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားမှာ BE တပ်မှဖြစ်ပြီး ၎င်းအား Snipe Rangers Force (Local - PDF) နှင့် Special Revolution Force (ဒေါင်းညီနောင်)တို့က ပူးပေါင်းဖမ်းဆီးခြင်းဖြစ်သည်ဟု သိရ သည်။

“ပြန်လွှတ်ပေးဖို့တောင်းတာကို ကျွန်တော်လည်း ကပ္ပတိန်အေးလွင်ဆီကို ဆက်သွယ်ထားတယ်။ ပြန်မဖြေသေးဘူး။ ကပ္ပတိန် အေးလွင်ဆိုတာက ကျွန်တော့်ကို အမြဲစိန်ခေါ်နေတဲ့ မြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က။”ဟု ရဲဘော်ဆလိုင်းက ပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားသည် PDF စစ်ယူနီဖောင်းဝတ်ဆင်ပြီး PDF တပ်များထံ ဝင်ရောရာက စစ်ကောင်စီတပ်သားမှန်းသိသဖြင့် သေနတ်ထောက် ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးစဉ် ကျန်ရှိ စစ်ကောင်စီတပ်သား(၉)ဦးမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးရမိသည့် တပ်သားမှာ စအရ(၉၀၉)မှ မောင်တင်ဆန်းမြင့် ဖြစ်သည်ဟု သိရသည်။

“သူပြောတာကတော့ ကျောက္ကာ ဘုန်ကြီးကျောင်းကနေ PDF ယူနီဖောင်းကို ရခဲ့တာလို့ ဖြေပါတယ်။ အကုန်နီးပါး ဝတ်ထားကျတယ်လို့ ဖြေပါတယ်။ သေနတ်ကတော့ မရခဲ့ပါဘူး။ ဝင်ရောတဲ့အချိန်မှာ သေနတ်ပါမလာပါဘူး။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီမှာပါ။ ကျွန်တော်တို့လည်း စစ်ကောင်စီတပ်သားမှန်းသိတယ်။ ဘာလို့လည်းဆိုတော့ စစ်ရေးတင်းမာနေတဲ့အချိန်ဖြစ်တာရယ်။ သတ်မှတ်ထားတဲ့ ပွိုင့်ကို တာဝန်ကျရဲဘော်က လွဲပြီး ဘယ်သူကိုမှ ပေးမသွားရဘူးဆိုပြီး ညွှန်ကြားထားတဲ့အတွက်ရယ်၊ အီကွေ့မန့်ကလည်း ပါလာတယ်။ မိုင်းပွိုင့်မှာဆိုတော့ ပိုပြီးသိသာသွားတာပါ။”ဟု ရဲဘော်ဆလိုင်းက ယမန်နေ့က ပြောသည်။ 

 

ထို့အပြင် ဖမ်းဆီးနိုင်ချိန် စစ်ကောင်စီတပ်သားသည် PDF တပ်များ၏ စကားဝှတ်ကို မပြောနိုင်ခြင်း၊ စစ်ဆေးမေး မြန်းရာတွင် စစ်ကောင်စီတပ်သားဟု ထွက်ဆိုခြင်းတို့ရှိသည်ဟု ဆိုသည်။

 

“သူပြောတာကတော့ စစ်ကြောင်းမှူးအမိန့်အရ ဝတ်ရတာလို့လည်း ပြောပါတယ်။ ယူနီဖောင်းကိုတော့ ကျောက္ကာ မြောက်ရွာမှာ PDF နှစ်ယောက်ကိုဝိုင်းပစ်ပြီး သူတို့ကျန်နေခဲ့တဲ့ ယူနီဖောင်းကို မဝတ်မနေရ ဝတ်ခိုင်းတာလို့ပြောပါတယ်။”ဟု သူက ဆက်ပြောသည်။

၎င်းထံမှ MA 1 ကျည်ဘောက်(၂)ခု၊ ၅.၅၆ ကျည် (၄၀)တောင့်၊ အီနာဂါ (M9) တစ်လုံး၊ အီကွေ့မန့် တစ် ထည်တို့ကိုသိမ်းဆည်းရရှိသည်ဟု သိရသည်။

လက်ရှိတွင် မုံရွာ-အရာတော်လမ်းပိုင်း၌ တိုက်ပွဲများဖြစ်နေသည်မှာ (၁၁)ရက်ရှိပြီဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကာ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေသည့်အခြေအနေဟု သိရသည်။ 

အဆိုပါ စစ်သုံးပန်းကို ကျင့်ဝတ်များအရ သက်ဆိုင်ရာထံ အပ်နှံထားသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: ဖမ်းဆီးရရှိခဲ့တဲ့ BE တပ်သားနှင့် စစ်ဆေးမေးမြန်မှု ပြုလုပ်နေသော ရဲဘော်ဆလိုင်း