နိုင်ငံ့အာဏာသိမ်းကာလအတွင်း တာချီလိတ်မြို့တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူများ အနက် လုံခြုံရေးအရ အကြောင်းပြကာ လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် တင်ထားပြီး ကိုင်ဆောင်နေသူမှာ (၅၀)နီးပါရှိနေကြောင်း သိရသည်။
"လက်နက်ကိုင်ဆောင်ခွင့် တင်ပြီး လက်ရှိ ကိုင်ဆောင်နေသူတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီက လူတွေလည်း ပါတယ်။ မြို့က လုပ်ငန်းရှင်တွေလည်း ပါတယ်။"ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။
လက်နက်ကိုင်ဆောင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အထက်ဌာန အဆင့်ဆင့်သို့ တင်ပြပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုမိန့်ဖြင့် ကိုင်ဆောင်ခွင့်ပေးထားသည့် သေနတ်အမျိုးအစားများမှာ .၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာနှင့် ၎င်းထက် ပြောင်းဝကျယ်သော ပစ္စတိုသေနတ်၊ ၁၂ ဘိုး နှင့် ၎င်းထက်ပြောင်းဝ ငယ်သော ပြောင်းချောသေနတ်၊ .၂၂ လက်မနှင့် ၎င်းထက်ပြောင်းဝကျယ်သော အမဲလိုက်သေနတ် နှင့် လေသေနတ်များဖြစ်ပြီး ကိုင်ဆောင်ရန် ခွင့်ပြုသည့် သေနတ်သည် နိုင်ငံတော်ပိုင် သေနတ်အဖြစ် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွင် မှတ်ပုံတင်စာရင်းသွင်းပြီးသည့် သေနတ်ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်နက်ကိုင်ဆောင်ခွင့် သက်တမ်းကို (၁)နှစ် သတ်မှတ်ပေးထား သက်တမ်းကုန်ခါနီးတွင် သက်တမ်းတိုးခွင့်ပေးထားကြောင်းလည်း သိရသည်။
စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အမိန့်အမှတ် (၅၄/၂၀၂၃)ဖြင့် ကြော်ငြာထားပြီးနောက် မြို့နယ်အသီးသီးမှ စစ်တပ်ကို ထောက်ခံသူများက လုံခြုံရေး အကြောင်းပြပြီး လက်နက်ကိုင် ဆောင်လာကြခြင်း ဖြစ်သည်။
"တာချီလိတ်မှာတော့ တွေ့နေရတယ်။ အခမ်းအနားတွေနဲ့ လူကြီးလမ်းကြောင်းတွေမှာ လွယ်အိတ်လေးတွေ လွယ်ထားပြီး သွားလာနေတာ တွေ့ရလို့ စူးစမ်းကြည့်တော့ သေနတ်အတို ဆောင်ထားတယ်လို့ သိရတယ်။ သူတို့တွေ တကယ်တမ်း ဖြစ်လာရင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ချိန်ရော ရှိပါ့မလားမသိပါဘူး။ အကြောက်လွန်နေကြတာပဲ ဖြစ်လိမ့်မယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ယခင်က လက်နက်ကိုင်ဆောင်လိုသူများက ပြည်သူ့စစ်အဖွဲ့တွင် ဝင်ရောက်ပြီး လက်နက်ကိုင်ဆောင်သည်များရှိသလို တရားမဝင် လက်နက်ကိုင်ဆောင်သူများစွာလည်း ရှိလာရာ ယခုအခါ အာဏာသိမ်းကာလအတွင်း အာဏာသိမ်းမှုကို ထောက်ခံသူများက လုံခြုံရေးကို အကြောင်းပြပြီး လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားပြီး လက်နက်ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။