၇၃ နှစ်မြောက်ကယားပြည်နယ်နေ့သို့ တက်ရောက်ရန် လွိုင်ကော်သို့ ရောက်ရှိနေသည့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း နှင့် အပေါင်းအပါများအား တော်လှန်ရေးတပ်များက (၁၀၇)မမရှော့ဒုံး (၇)လုံးဖြင့် တိုက်ခိုက်သည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ည(၇)နာရီတွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဖြစ်သူ ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်း ညစာ စားပွဲကျင်းပနေသည့် ကယားပြည်နယ် ခန်းမအတွင်းသို့ (၁၀၇) မမရှော့တိုက်ဒုံး (၅)လုံးနှင့် ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(ဒကစ) လွိုင်ကော် အတွင်းသို့ (၂)လုံးပစ်ခတ်ရာ (၆)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်ဟု သိရသည်။
ဒုချုပ်စိုးဝင်းသည် ယနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေသည်ဟု ကြားသိရသဖြင့် ဒုချုပ်စိုးဝင်းနှင့် အပေါင်းအပါများကို တိုက်ရိုက် တိုက်ခိုက်လို၍ BWM Mission 29 ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။