လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား PDF ကြားဖြတ်တိုက်ခိုက်

လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား PDF ကြားဖြတ်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား အသင့်စောင့်ကြို ကြားဖြတ်တိုက်ခိုက်ကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) ထားဝယ်မြို့နယ် ပ.လ.ဖ ထံမှ သိရသည်။

လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းမှ စမ်းလှမ်းရွာလမ်းသို့ ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ နံနက် (၇) နာရီတွင် ထားဝယ် ပ.လ.ဖ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရေကြောင်းစစ်ကူဖြင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုကြောင့် နံနက် (၈)နာရီခွဲတွင် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ စစ်ဆင်ရေးအား Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) တစ်ဖွဲ့တည်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်း စစ်ရေးအခြေအနေ ပိုမိုမြင့်တက်လာနေသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများအား သွားလာခြင်းမပြုလုပ်ရန်နှင့် မိမိရောက်ရှိနေသည့် နေရာအနီးတဝိုက်၌ ပစ်ခတ်သံများကြားပါက ထွက်ပြေးခြင်း ၊ စူးစမ်းခြင်းများမပြုလုပ်ဘဲ နီးစပ်ရာအဆောက်အဦးအား အကာအကွယ်ယူ၍ မြေကြီးတွင် မှောက်လျှက်အနေအထားဖြင့် နေပေးကြရန် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo: Guerrilla Dawei