ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ မိုင်အနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ မိုင်အနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၆၂) မိုင်အနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကားတစီး ပျက်စီးကြောင်း Aung San’s Land Natmauk အဖွဲ့ထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၄)နာရီခန့်တွင် အမြန်လမ်း မိုင်တိုင် (၂၆၂)မိုင်မှနေ၍ ညောင်ကုန်းရဲစခန်းသို့ ဖြတ်သန်းလာကာ နတ်မောက် စိုင်ကောင်းရဲစခန်းသို့ ၀င်ရောက်စီးနင်းတိုက်ခိုက်ရန် ဆင်းလာစဉ်  ရွာသစ်ကျေးရွာအနီး စစ်ကောင်စီကားနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်တပ်လော်ဘီ ကျော်စိုးဦးက ၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် စိုင်ကောင်းစခန်းကို ၀င်စီးဖို့လာခဲ့တာပါ ။ လမ်းမှာ မမျှော်လင့်ဘဲ ထိတွေ့မှုဖြစ်သည့်အတွက် အစီအစဉ်တော့ ပျက်သွားပါတယ်။”ဟု Aung San’s Land Natmauk အဖွဲ့က တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီကားအား ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ရာ ကားပျက်စီးသွားခဲ့ပြီး ၊ ထိခိုက်သေဆုံးမှုစာရင်း မသိရသေးကြောင်း Aung San’s Land Natmauk အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ပျော်ဘွယ် ပကဖ ၊ ရမ္မည်းသင်း ပကဖနှင့် နတ်မောက် တပ်ပေါင်းစုများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ဒီဇင်ဘာလ (၂၃)ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၁၈)တွင် နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုရန်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကားမောင်းနှင်ခြင်းမပြုဘဲ နီးစပ်သည့် လုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် အသိပေး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်။

#TachileikNewsAgency

#TNA_LE

Photo:Aung San's Land Natmauk