စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မကွေးတိုင်း ဆောနှင့် မြစ်ခြေမြို့တို့မှ စစ်ကောင်စီတပ်သား(၅)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။
ဝက်လက်မြိုနယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအခြေပြုနေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ(၁၃)မှ ပြည်သူ့စစ် တပ်သား (၂)ဦးသည် ၂၀၂၅ခုနှစ် ဇန်ဝါရီလ(၁၀)ရက်နေ့တွင် MA-1 (၂)လက်၊ MA ကျည် (၄၆၀)တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း(၂)ထံ အလင်းဝင်လာသည်ဟု သိရသည်။
ထို့အပြင် ဇန်နဝါရီလ (၉)ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G-3 တစ်လက်၊ ကျည်(၃၄၉)တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ကျည်အိမ် (၂)ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း(၃)ထံသို့ အလင်းဝင်လာသည်ဟု သိရသည်။
အဆိုပါနေ့တွင်ပင် ပခုက္ကူမြိုနယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂)ဦးသည် MA-1 (၂)လက်၊ အီနာဂါဗုံးသီးတစ်လုံး၊ နာနတ်သီးဗုံး (၂)လုံး၊ MA ကျည် (၁၆၆)တောင့်၊ ပို့ကျည် (၅)တောင့်၊ ကျည်အိမ် (၁၀)ခုတို့ ဖြင့် ပခုက္ကူခရိုင် တပ်ရင်း(၈)ထံ အလင်းဝင်လာသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း စစ်သား (၃၇၀၀) ကျော်နှင့် ရဲတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် စုစုပေါင်း တစ်သောင်းခွဲ (၁၄,၇၀၀)ဦးခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ပြီး ၊ အလင်းဝင်ရောက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေးထားကြောင်း NUG ၀န်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကောင်စီတပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း အသိပေးထားသည်။
#TachileikNewsAgency
Photo:အမှတ်(၁) စစ်ဒေသ