ပုလောမြို့နယ် အမှတ် ၁၇ ခြေလျင်တပ်ရင်းအတွင်းထိ တော်လှန်ရေးတပ်များဝင်တိုက်

ပုလောမြို့နယ် အမှတ် ၁၇ ခြေလျင်တပ်ရင်းအတွင်းထိ တော်လှန်ရေးတပ်များဝင်တိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် (၁၇)ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သည်ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။

တော်လှန်ရေးတပ်များက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် စစ်ကောင်စီ၏ ခလရ (၁၇) တပ်ရင်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ် ဗုံး(၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“တပ်ရင်းအတွင်းကို ဝင်တိုက်တာဗျ။ ရန်သူ (၃) ဦး သေဆုံးပြီးတော့ လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ပါတယ်ဗျ။”ဟု မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲသည် အပြန်အလှန်ပစ်ခတ်မှု (၂)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းမရှိသော်လည်း တပ်ရင်းကို ခြိမ်းခြောက်နိုင်ခဲ့မှုသည် အောင်မြင်မှုဖြစ်သည်ဟုလည်း ဆိုသည်။

“တပ်ရင်းကို ဝင်စီးနိုင်တဲ့ အနေအထားထိတော့ မရောက်ခဲ့ဘူးဗျ။ ခလရ (၁၇) ဆိုတာ မြိတ်မြို့နဲ့ မိုင် (၂၀) ကျော်ပဲ ဝေးတဲ့တပ်ဖြစ်တယ်။ အဲဒီတပ်အထိ ခြိမ်းခြောက်နေနိုင်တာ ကျွန်တော်တို့ရဲ့ တိုးတက်မှုဖြစ်သလို စစ်ကောင်စီတပ်ရဲ့ ဆုတ်ယုတ်မှုလည်း ဖြစ်တယ်။”ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် ပုလောမြို့နယ် ပါဒစက်တော်ရာအနီးတွင်လည်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပူးပေါင်းမဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီသည် ဇန်နဝါရီလ (၉)ရက်နေ့ ညနေ(၆)နာရီအထိ လေကြောင်းမှ (၂၃)ကြိမ် ဗုံးအလုံးရေ (၇၀)ခန့် ကြဲချကာ လက်ရှိအထိလည်း တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။

ပါဒစက်တော်ရာဘုရားသည် မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့ စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး အနီးတွင်ရှိသည်။

#TachileikNewsAgency

#TNA_MAT