စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်သားဖြစ်လာသူ (၂)ဦး လက်နက်ခဲယမ်းနှင့်အတူ KNU ထံ အလင်းဝင်

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်သားဖြစ်လာသူ (၂)ဦး လက်နက်ခဲယမ်းနှင့်အတူ KNU ထံ အလင်းဝင်

 ညောင်လေးပင်ခရိုင် လယ်ဒို ( ကျောက်ကြီး ) မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ တပ်သားဖြစ်လာသူ ( ၂ ) ဦး လက်နက်ခဲယမ်းများနှင့်အတူ KNU/K.N.L.A တပ်ရင်း (၉) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သားဖြစ်လာသည့် လယ်ဒိုအခြေစိုက် အမှတ်(၂၈၈)ခြေလျင်တပ်ရင်း အသက်(၂၅)နှစ်အရွယ်ရှိ ကျော်မင်းဦး  နှင့် အသက်(၂၄)နှစ်ရှိ မင်းမင်းဇော်တို့သည် စစ်မှုထမ်းသက် ( ၁ ) လခန့်အကြာတွင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင် တပ်သား ( ၂ ) ဦးသည် ၎င်းတို့နှင့်အတူ MA-1 တလက်နှင့် MA-3 တလက်တို့ ယူဆောင်လာသည့်အတွက် ၎င်းတို့အား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း (၉) မှ (၁) ဦးလျှင် ဆုကြေးငွေ (၁၀) သိန်းခန့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များအနေဖြင့် လက်ရှိအချိန်တွင် ပြည်သူလူထုများအား နည်းလမ်းမျိုးစုံဖြင့် အတင်း အဓမ္မ စစ်သားစုဆောင်းလျက်ရှိပြီး စစ်သင်တန်း (၃) လခန့်သာ တက်ရောက်ထားရသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပါဝင်လာသည့် တပ်သားသစ်များကိုလည်း ရှေ့တန်းနယ်မြေများသို့ စေလွှတ်လျှက်ရှိသည်ဟု ဆိုသည်။

အတင်းအဓမ္မစုဆောင်းခံရသည့် တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ထံသို့ လက်နက်ချ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်း အသိပေးထားသည်။