စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အခြေစိုက် တပ်မ (၃၃)မှ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)သို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းအား တပ်တွင်း ဖရဲသီး သတင်းပေးမှုအရ မိုင်းဆွဲတိုက်ခိုက်ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းမြို့ တပ်မ (၃၃)မှ မုံရွာ နမခ သို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကောင်စီတပ်၏ သံပြားကာ Jammer တပ်ဆင်ထားသည့် ယာဉ် (၃)စီးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ ညနေ (၅)နာရီ (၁၈)မိနစ်တွင် ချောင်ဦး-မုံရွာ လမ်းပိုင်းတနေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ TNT ယမ်းဖြင့် အထူးပြုလုပ်ထားသည့် နှစ်ဆင့်ကွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုသည် စစ်ကောင်စီ သံပြားကာကား (၃)စီးအနက် ဒုတိယမြောက်အစီးအား ထိမှန်ခဲ့ပြီး ကား Body ပွင့်ထွက်ကာ အင်ဂျင်ဝိုင်များ ယိုစီးလျှက် ဆက်လက်မောင်းနှင်သွားသည်ဟု မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်အရ သိရှိရကြောင်း Area 71 PDF Monywa အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု အခြေအနေနှင့် ပက်သက်ပြီး ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။
တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် လမ်းပိုင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားလမ်းဘေးဝဲယာသို့ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း မိုင်းဆွဲသည့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Area 71 PDF Monywa၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ ဖောက်ခွဲရေး) အဖွဲ့ ၊ ANYAR DEFENCE FORCE (ADF) နှင့် Tiger Brother Peoples Defence Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:စစ်ကောင်စီယာဥ်တန်း (ပုံဟောင်း)