တနင်္သာရီတိုင်း ပုလောမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအား တော်လှန်ရေးတပ်က ဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည်ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ ည(၁၁)နာရီကျော်တွင် ပုလောမြို့ အမှတ်(၂) ရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ စရဖရုံးကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။
“မြို့မအားကစားကွင်း အနီးအနားမှာပဲ ရုံးတွေရှိတာမျိုး။ စရဖရုံးမှာတော့ (၄) ဦးရှိတယ်။ အနီးနားက မြို့တော်ခန်းမမှာတော့ (၃)၊ (၄)ဦးလောက်ရှိနိုင်တယ်ဗျ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကတော့ ခုခံမှုတစုံတရာမကြုံလိုက်ရတော့ ရုံးထဲမှာ အေးဆေးရှာဖွေမွှေနှောက်နိုင်ခဲ့တယ်။ မနက်ကျမှ စရဖရုံးအနီး လုံခြုံရေးချတာမျိုးရှိတယ်။”ဟု မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
တော်လှန်ရေးတပ်များ စတင်ပစ်ခတ်သည်နှင့် စစ်ကောင်စီတပ်သားများသည် သေနတ်(၆)ချက်ခန့် ရမ်းသမ်းပစ်ဖောက်ပြီး ထွက်ပြေးသွားသည်ဟု ဆိုသည်။
စရဖရုံးအား ဝင်ရောက်ရှာဖွေရာမှ ကျည်ဘောက်(၂)ခုနှင့် ကျည်(၁၀၀)တောင့်နှင့် စာရွက်စာတမ်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။
ထို့နောက် စရဖရုံးအား မီးရှို့ရှင်းလင်းခဲ့ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
#TachileikNewsAgency
#TNA_MAT
Photo: PDF Myeik District Battalion 1 - P23401