ပဲခူးတိုင်း တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် (၁၀၇)မမ ရှော့တိုက်ဒုံး (၁၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု Brave Warriors for Myanmar(BWM)အဖွဲ့ထံမှ သိရသည်။
အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော မြန်မာပြည်သူတို့သည် စစ်အာဏာရှင် အဆက်ဆက်လက်အောက်တွင် လွတ်လပ်မှုများ ဆုံးရှုံးနေခဲ့ရပြီး စစ်ကောင်စီ အာဏာသိမ်းသည့်နေ့မှစ၍ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ရကာ စစ်အာဏာရှင်အောက်မှမလွတ်မြောက်သေးပဲ နေ့စဥ်နှင့်အမျှ နှိပ်စက်ညှင်းပန်းမှုအောက် ဒုက္ခရောက်နေသော ပြည်သူတို့လွတ်မြောက်ရေးအတွက် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဖြစ်သည်။
ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိကသုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန် အခြေပြုနေသော လေတပ်စခန်းတစ်ခုလည်း ဖြစ်သည်။
BWM နှင့် မဟာမိတ်များသည် တောင်ငူလေတပ်စခန်းကို (၆)ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ယနေ့တိုက်ခိုက်မှုအတွင်း လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက်စုံစမ်းနေသည်ဟုလည်း သိရသည်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:BWM