NUG ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ  အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးကနေ အကျဉ်းသား အကျဉ်းသူ (၁၆၉)ဦး လွတ်ငြိမ်း သက်သာခွင့်ပြု

NUG ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ  အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးကနေ အကျဉ်းသား အကျဉ်းသူ (၁၆၉)ဦး လွတ်ငြိမ်း သက်သာခွင့်ပြု

 NUG ၏ ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ(၁၆၉)ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။

နှစ်သစ်ကာလတွင် နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက် ခြင်းဖြစ်သည်ဟု ဆိုသည်။

“အကျဉ်းထောင်တွေကတော့ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာရှိနေတဲ့ ဒေသတွေပေါ့။ အဲဒီဒေသတွေ မှာရှိတဲ့ အကျဉ်းထောင်တွေက ဖြစ်ပါတယ်ဗျ။”ဟု NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က Tachileik News Agency ကို ပြောသည်။

လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် အကျဉ်းသား အကျဉ်းသူများမှာ မည်သည့်ဒေသများမှ အကျဉ်းထောင်များက ဖြစ်သည်ကိုမူ ပြောဆိုထားခြင်း မရှိသော်လည်း NUG ၏  စိုးမိုးထိန်းချုပ်နယ်မြေအတွင်းကဟုသာ သိရသည်။

“အဓိကတော့ အမှုအသေးတွေ ပေါ့နော်။ သာမန်နာကျင်မှု၊ မူးယစ်သုံးစွဲမှုတို့ပေါ့နော်။ အဓိကတော့ ထောင်ဒဏ် ၂ နှစ်၊ ၃ နှစ်ဝန်းကျင်လောက်ရှိတဲ့ အမှုအသေးတွေဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေတော့ မပါပါဘူးခဗျ ။”ဟု သူက ဆက်ပြောသည်။

NUG ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် အကျဉ်းထောင် အကျဉ်းစခန်း အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား အကျဉ်းသူ (၁၆၉)ဦးကို လွတ်ငြိမ်းသက်သာခွင့် ပြုထားသလို ကျန်အကျဉ်းသား အကျဉ်းသူများကိုလည်း ၎င်းတို့ ကျခံရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ ကျခံစေရန် ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပေးထားကြောင်းလည်း သိရသည်။