လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် ပညာတတ်များ နည်းပါးခြင်းကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြောဆို

လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် ပညာတတ်များ နည်းပါးခြင်းကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြောဆို

 နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် နိုင်ငံ၌ ပညာတတ်များ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ မဲမသမာမှုဟု အကြောင်းပြ ပြောဆိုကာ နိုင်ငံ့အာဏာကို  အတင်းအဓမ္မ သိမ်းယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "မဲ မသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင် လာခြင်းများကြောင့်ပင် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံ၌ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း"ပြောကြားခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့က မန္တလေးပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်ပြီး နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံမှုအတွင်း   Covid-19 နှင့် ပတ်သက်၍လည်း ၎င်းတို့ စစ်တပ်အနေဖြင့် ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ရန် အကြုံပြခဲ့သော်လည်း NLD အစိုးရက ကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ခြင်းကြောင့် အခက်အခဲများရှိခဲ့သည်ဟုလည်း အပြစ်ဖို့ ပြောဆိုသေးသည်။

အာဏာသိမ်းစစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်များရှိ ကျေးရွာများတွင်၌ အရပ်သားပြည်သူနေထိုင်ရာ မခွဲခြားဘဲ စာသင်ကျောင်းပါမချန် တပ်စွဲခြင်း နှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျောင်းနေရွယ် ကလေးငယ်များမှာ သေကြေပျက်စီးရသလို အချို့ ကျောင်းနေရွယ် ကလေးငယ်တွေမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။