တိုင်းပြည်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းအောင်လှိုင် က ကြွားလုံးထုတ်

တိုင်းပြည်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းအောင်လှိုင် က ကြွားလုံးထုတ်

လျှပ်စစ်မီးကို အချိန်ပိုင်းပေးထားပြီး စီးပွားရေး ထိုးကျနေသည့်အပြင် နေ့စဉ် စစ်မက်ရေးရာဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း အခြေအနေကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါတယ်။ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့အားကစား အဆင့်အတန်း မြင့်မားအောင် အုတ်မြစ်ချနိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုလည်း အတိုင်း အတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။"ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။



၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူးအတွက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုလာခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ခုနှစ်အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင်   တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြောင်း နှင့် လက်နက်ကိုင်အဖွဲ့များက ကိုယ်ကျိုးအတ္တအတွက် လက်နက်ကိုင်ပဋိပက္ခကို  ဖန်တီးနေကြောင်းလည်း စွပ်စွဲပြောဆိုထားသေးသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် စစ်ရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါ အာရက္ခတပ်တော်(AA)ထံ ရောက်ရှိတော့မည်ဖြစ်သလို ဗိုလ်မှူးချုပ် အဆင့်အထိ အရာရှိများစွာလည်း တိုက်ပွဲအတွင်း သေဆုံးသည်များရှိသလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် အခြေအနေအထိ ဖြစ်သည့်အပြင် စခန်းငယ်ကနေ စစ်ဌာနချုပ်အထိ လက်လွတ်ဆုံးရှုံးရသည့် အခြေအနေအထိ ဖြစ်နေသည်။

လူမှုစီးပွားရေးအနေဖြင့် လျှပ်စစ်မီးကိုလည်း ၎င်းတို့ စစ်အုပ်စုနေထိုင်သည့် နေပြည်တော်တဝိုက်ကလွဲ၍ တိုင်းနှင့်ပြည်နယ်များတွင် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ သုံးစွဲနေရပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေဆဲဖြစ်နေသည်။



ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အစိုးရ လက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ ဒေသတွင် စီးပွားရေးဖွံဖြိုးတိုးတက်မှု အလျင်မြန်ဆုံး ဖြစ်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank ၏ အချက်အလက်များက ဖော်ပြထားသည်။ 

ကမ္ဘာ့ဘဏ် World Bank အချက်အလက်များအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ နှစ်စဥ် ပျမ်းမျှ (၆) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းကို ၂၀၀၅ ခုနှစ်တွင် (၄၈.၂) ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် (၂၄.၈) ရာခိုင်နှုန်းသို့ ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့သည်။ 

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွားစွာ ကျဆင်းပြီး ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမှာလည်း ၂၀၀၅ ခုနှစ်တွင် ရှိခဲ့သည့် ရာခိုင်နှုန်းနီးပါးသို့ ပြန်ရောက်သွားသည်။ 

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ (၂) ဆ ဖြစ်လာရုံသာမက ပြည်သူများမှာလည်း ဆင်းရဲတွင်း ပိုနက်လာကြောင်း UNDP အစီရင်ခံစာက တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ (၅၄) သန်း၏ ထက်ဝက်နီးပါးဖြစ်သော (၄၇) ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိနေပြီး တစ်နေ့လျှင် ကျပ် (၃,၀၀၀) နီးပါး (အမေရိကန် ၇၆ ဆင့်) အောက် လျော့နည်းသော ဝင်ငွေဖြင့် ရပ်တည်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် UN Development Program (UNDP) မှာ သုတေသီများက တွေ့ရှိခဲ့ရသည်။

ယင်းသို့ အဖက်ဖက်တွင် ယိုယွင်းနေသည့်အခြေအနေ ဖြစ်နေသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောထွက်လာခြင်း ဖြစ်သည်။