စစ်ကောင်စီက လူဦးရေ ၃၂ သန်းကျော်ကိုသာ စာရင်းကောက်ယူထားနိုင်ပြီး ၅၁ သန်းပြည့်ရန် ခန့်မှန်း တွက်ချက်၍ ပေါင်းထည့်ထား

စစ်ကောင်စီက လူဦးရေ ၃၂ သန်းကျော်ကိုသာ စာရင်းကောက်ယူထားနိုင်ပြီး ၅၁ သန်းပြည့်ရန် ခန့်မှန်း တွက်ချက်၍ ပေါင်းထည့်ထား

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံတဝှမ်းရှိ လူဦးရေ (၃၂)သန်းကျော်ကို သန်းခေါင်းစာရင်း ကောက်ယူထားနိုင်ပြီး လူဦးရေ (၅၁)သန်း ပြည့်မီစေရန် (၁၉)သန်းကျော်ကို ခန့်မှန်းတွက်ချက်၍ ထည့်သွင်းထား သည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ဖော်ပြချက်တွင် ၂၀၂၄ခုနှစ် သန်းခေါင်းစာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ စက်တင်ဘာလ (၃၀) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း လူဦးရေ(၅၁,၃၁၆,၇၅၆)ဦး ရှိသည်ဟု ဒီဇင်ဘာလ (၂၇)ရက်နေ့က ဖော်ပြသည်။

စစ်ကောင်စီဘက်က သန်းကောင်စာရင်း အမှန်တကယ် ကောက်ယူရရှိသည့် လူဦးရေမှာ (၃၂,၁၉၁,၄၀၇)ဦးသာ ရှိပြီး စာရင်းကောက်ယူနိုင်ခြင်းမရှိ သည့်ဒေသများအတွက် Remote Sensing နည်းပညာဖြင့်ဆောင်ရွက်၍ ခန့်မှန်းတွက်ချက်ထားသော လူဦးရေ စာရင်းမှာ (၁၉,၁၂၅,၃၄၉)ဦးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိန်းဂဏန်းများကို ပင်မအစီရင်ခံစာထုတ်ပြန်ပြီးစီးချိန်အထိ ရှေ့ပြေးလူဦးရေးကိန်းဂဏန်းများအဖြစ် အသုံးပြုသွားမည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် မြို့ပေါင်း(၉၀)ကျော်အပြင် တော်လှန်ရေးတပ်များ ယခင်ကတည်းက ထိန်းချုပ်ထားနိုင်သည့်မြို့များ၊ ရွာများကိုလည်း စာရင်းကောက်ယူနိုင်ခြင်းမရှိပေ။

စစ်ကောင်စီသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ(၁)ရက် နေ့မှ (၁၅)ရက်နေ့အထိ ၎င်းတို့ထိန်းချုပ်ဒေသများ၌ကောက်ယူခဲ့ပြီး ကျန်ရှိဒေသများကိုမူ လုံခြုံရေးဖြင့်ကောက်ယူမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။ 

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁.၄)သန်းကျော်ရှိခဲ့ပြီး (၁၀)နှစ်အတွင်း လူဦး ရေ(၅၇)သန်းနီးပါးအထိ တိုးလာခဲ့သည်။

ထို့နောက် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ(၆,၀၈၇)ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဒီဇင်ဘာလ (၂၇)ရက်နေ့က ဖော်ပြချက်အရ သိရသည်။ 

ထို့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈,၀၅၁)ဦးရှိပြီး ထိုအထဲမှ(၂၁,၄၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၃၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူခဲ့စဥ် (ပုံဟောင်း)