မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့မရဲစခန်းမှ လမ်းကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ရေစကြိုမြို့နယ် မြို့မရဲစခန်းမှထွက်လာသည့် အင်အား (၁၅)ဦးခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက် (၉) နာရီခန့်တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ ရေစကြိုမြို့နယ်အထွက် ဘက်စုံခြံအနီးတွင် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိသွားပြီး ၊ လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီ နောက်ကျန်တပ်ဖွဲ့နှင့် ရေစကြိုမြို့မရဲစခန်းမှ နှစ်ဘက်ပစ်ကူပေးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရေစကြိုမြို့နယ် ပကဖ က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE