ဗဟန်းတွင် ဆိုင်ပိုင်ရှင်ကို ဓားနှင့်ထိုးပြီး ဆွဲကြိုးလုယူသွား

ဗဟန်းတွင် ဆိုင်ပိုင်ရှင်ကို ဓားနှင့်ထိုးပြီး ဆွဲကြိုးလုယူသွား

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်တွင် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက AK Cosmetic ဆိုင်တွင် ဆိုင်ရှင်ကို ဓားနှင့်ထိုးပြီး ဆွဲကြိုးလုယူသွားသည်ဟု ဒေသခံများထံ မှသိရသည်။

ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက် ဆရာစံလမ်း အမှတ်(၁၄၀)၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည် နံနက်ပိုင်း ဆိုင်ဖွင့်နေစဉ် ၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို အမျိုးသားတစ်ဦးက ဝင်ရောက်လုယက်ရာ ဆိုင်ရှင်က ပြန်လည်ခုခံသဖြင့် ဓါးဖြင့်ထိုးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဆိုင်ရှင် ဒေါ်အေးအိခိုင်ကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ လုယက်သူကို ဖမ်းမမိသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် တရားဥပ‌ဒေစိုးမိုးမှုအားနည်းလာကာ နေ့လယ်ပိုင်းတွင်ပင် အနုကြမ်းစီးခြင်း၊ ကားလုခြင်း၊ ဆွဲကြိုးဖြတ်ယူခြင်း၊ ခိုးယူခြင်းများ မကြာခဏဖြစ်ပွားလာနေသည်ဟု သိရသည်။

ထို့အပြင် မန္တလေးမြို့အပါအဝင် မြို့နယ်တချို့တွင်လည်း ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ယနေ့နံနက်ပိုင်းကလည်း မန္တလေးမြို့တွင်းရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံလိုက်ရသည်။

#TachileikNewsAgency

#TNA_MAT

Photo: စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)