ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်မိသားစုဝင်များကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးနေသည်ဟု စုံစမ်းသိရှိရသည်။
လားရှိုးမြို့ကို MNDAA က ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ(၃)ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တစ်ခုလုံးကို သိမ်းပိုက်ရာ ဖမ်းဆီးရမိခဲ့သည့် တပ်မိသားစုဝင်များ၊ မှီခိုသူ များ (၂၀၀)ဦးအထက်ကို စီစစ်ပြီး ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်ဟု MNDAA နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
“တပ်မိသားစုဝင်တွေကို စီစစ်ပြီးတော့ ပြန်လွှတ်ပေးနေပါတယ်။ စီစစ်ပြီးတော့ တဆင့်တဆင့်ခြင်းစီ ပြန်လွှတ် ပေးမှာပါ။ ဘယ်နှစ်ဦးလဲ အတိအကျတော့ မပြောတတ်သေးဘူး။ လွှတ်တော့ လွှတ်ပေးနေပါတယ်။”ဟု သူက Tachileik News Agency ကို ယနေ့ ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်များကို မည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးနေသည်ကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိသေးဘဲ အသေးစိတ်သိရှိနိုင်ရန် ထပ်မံမေးမြန်းနေဆဲဖြစ်သည်။