ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံ (၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၈)ဦး ဖမ်းဆီးခံထားရကြောင်း KNU ဗဟိုထံမှ သိရသည်။
လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက် (၉)နာရီခွဲကျော်တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ဒလဆိပ်ကျေးရွာ အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဦးရေမွှေး နှင့် ဒေါ်တင်မိုးခိုင် တို့၏ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုနေ့ နေ့လယ် (၁)နာရီ (၄၅) မိနစ်နှင့် (၂)နာရီ တို့တွင် စစ်ကောင်စီတပ်များသည် ကွင်းချောင်းဝမှနေ၍ (၁၂၂)မမ ဟောင်ဝစ်ဇာ (၃)လုံး ထပ်မံပစ်ခတ်ရာ ကျောက်စရစ်ကျေးရွာ၊ အင်တိုင်းကုန်းကျေးရွာနှင့် ပဲသောင်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ခလရ (၂၆၄) တပ်ရင်းမှ (၁၂၂)မမ ဟောင်ဝစ်ဇာ (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၄)နာရီကျော်တွင် စစ်ကောင်စီတပ်များသည် လယ်ဒိုမြို့နယ် ကြိတ်ကွင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ ဦးစိုးမြ အသက် (၆၃)နှစ် ၊ ဦးမောင်မြတင် အသက် (၆၀)နှစ် ၊ နော်ထက်ဆာဖိုး အသက် (၅၀) နှစ် ၊ နော်မမဲ အသက် (၄၅)နှစ် ၊ စောခလယ်ထူး အသက် (၄၂)နှစ် နှင့် မောင်သိန်းစိုး အသက် (၅၃)နှစ် စုစုပေါင်း (၆)ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်လာရောက်လာခြင်းကြောင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကြိတ်ကွင်း ကျေးရွာ၊ လေးအိမ်စုကျေးရွာနှင့် နွားရေချောင်းကျေးရွာ ရွာပေါင်း (၃)ရွာမှ စုစုပေါင်းလူဦးရေ (၁၃၄၇)ဦး၊ အိမ်ခြေ (၂၉၅)လုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၅)နာရီမှ (၁၀)နာရီ အတွင်းတွင် ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄) တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် ကြိတ်ကွင်းကျေးရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုနေ့ နေ့လယ် (၂)နာရီတွင် ခလရ (၂၆၄) တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဦးသန်းလှိုင် အသက် (၄၂)နှစ်၏ ညာဘက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ကြိတ်ကွင်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက် တပ်စွဲထားသော စစ်ကောင်စီတပ်များမှ ဖီးကော်လယ် အသက် (၇၁)နှစ် နှင့် စောလဲပွဲမူး အသက် (၅၅)နှစ် တို့နှစ်ဦးအား ထပ်မံဖမ်းဆီးပြီးနောက် ကြိတ်ကွင်းကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ဆောထိမြို့နယ်အတွင်း ဒီဇင်ဘာလ (၁၆)ရက်နေ့ ည (၉)နာရီကျော်တွင် ရှမ်းရွာခြေတော်ရာမှ အလုပ်လုပ်ပြီးပြန်လာသည့် မောင်တင်တင်မောင် အား ခလရ(၅၇) ပူးပေါင်းတပ်ရင်းမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၎င်း၏ နားထင်တွင် ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻