ချင်းတောင်ပိုင်း စစ်ကောင်စီလက်အောက်က လွတ်မြောက်

ချင်းတောင်ပိုင်း စစ်ကောင်စီလက်အောက်က လွတ်မြောက်

ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီး ချင်းတစ်ပြည်နယ်လုံး၏ (၈၅) ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ပြုလုပ်သည့် ချင်းညီနောင်တပ်များ၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ချင်းပြည်မှာရှိတဲ့ အရေအတွက်အားဖြင့်ဆိုရင် (၈၅) ရာခိုင်နှုန်းတော့ လုံးဝလွတ်မြောက်သွားပြီလို့ ပြောလို့ရတယ်။”ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။

ထို့အပြင် ချင်းတပြည်လုံး လွတ်မြောက်လာရန် နိုင်ငံရေးရင့်ကျက်မှု ဘယ်လောက်ရှိမလဲ၊ နိုင်ငံရေးသစ္စာ၊ တော်လှန်ရေးသစ္စာ၊ ပြည်သူလူထု၏ မျှော်လင့်ချက်စသည့် အပေါ်တွင် မူတည်နေသည်ဟုလည်း ဆိုသည်။

“မင်းတပ်က မကွီအိမ်နူးမြို့ဆို ပထမဆုံးသိမ်းလိုက်တာဖြစ်ပါတယ်။ အခုဆို ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်သွားပါပြီ (၉)မြို့နယ်လုံး။ မြောက်ပိုင်းမှာဆိုရင်တော့ ဖလမ်းကို ထိုးစစ်ဆင်နေတယ်။ ကျွန်တော်တို့ ချင်းညီနောင်တွေလည်း အဲဒါကို လုံးဝအားဖြည့်ပြီးတော့ပေါ့လေ ဒီထက်ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်သွားဖို့ရှိတယ်။ ဆိုတော့ ဖလမ်းကိုလည်း မကြာမီလွတ်မြောက်ဖို့ မျှော်လင့်တယ်ပေါ့နော်။”ဟု သူကဆက်ပြောသည်။

ထို့အပြင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရရှိရေးနှင့် စံတန်ဖိုးနှင့်ကိုက်ညီသည်များကိုလည်း လွတ်လပ်စွာဖန်တီးခွင့်ရရှိရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု ဆက်ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ်(၉)ခု၊ မြို့(၁၈)မြို့၊ ရပ်ကွက်(၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၆၄)အုပ်စုနှင့် ရွာပေါင်း (၁၃၄၇)ရွာရှိသည်။

လက်ရှိတွင် ကန်ပက်လက်၊ ကျင်းဒွေး၊ ကျီးခါး၊ ဆမီး၊ ဆူရ်ခွား၊ တွန်းဇံ၊ နှာဟရိန်၊ မင်းတပ်၊ မတူပီ၊ ရိဒ်ခေါဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ ဝေဘူလ၊ မကွီအိမ်နူးမြို့တို့မှာ စစ်ကောင်စီလက်အောက်မှ လွတ်မြောက်သွားပြီဖြစ်သည်။

 

ခိုင်ကမ်းမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့၊ ဟားခါးမြို့တို့သာကျန်ရှိတော့ပြီး ဖလမ်းမြို့မှာလည်း မင်းတပ်မြို့နှင့်အတူ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ လက်ရှိတွင် ဖလမ်းမြို့၌ ခလရ(၂၆၈)တပ်စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ကာ တီးတိန်မြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

“ဖလမ်း တပ်ကုန်းကို ဝင်လုံးနေတဲ့အချိန်မှာ စစ်ကောင်စီတပ်က သူတို့လူကို သူတို့ဗုံးပြန်ကြဲတယ်။ ငိုယိုပြီးတော့ ကိုယ့်လေကြောင်းက ကိုယ်ပြန်ဗုံးကြဲတယ်ဆိုတဲ့ ငိုသံတွေကော အော်သံတွေကို ကြားရတယ်။ အဲဒီလောက်ထိ ရက်စက်တယ် ဒီလူတွေက။”ဟု ချင်းညီနောင်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းဖြင့် စစ်ကူလာချသည့် စစ်ကောင်စီတပ်ကို လိုက်လံချေမှုန်းကာ လက်နက်ခဲယမ်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့ရရှိသည်အထိ ဆက်တိုက်သွားမည်ဟု ဆိုသည်။

ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် မင်းတပ်မြို့တိုက်ပွဲမှ စစ်ကောင်စီတပ်သားများကိုဖမ်းဆီးရမိသည့်အပြင် ထပ်မံဖမ်းဆီးရမိခြင်းများလည်းရှိနေပြီး အမြင့်ဆုံးဖမ်းဆီးရမိသည့်ရာထူးမှာ ဗိုလ်မှူးကြီးအဆင့်ပါဝင်သည်ဟု သိရသည်။ 

“ချင်းပြည်နယ်တောင်ပိုင်းကို အရင်ကလိုပဲ လွတ်လွတ်လပ်လပ်ပြန်လာနေလို့ရတော့မယ်။ ချင်းပြည်နယ်တစ်ခု လုံးလွတ်မြောက်ဖို့ လက်တွဲသင့် လက်တွဲထိုက်သူတွေနဲ့ လက်တွဲသွားမယ်။”ဟု ချင်းညီနောင်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် သိမ်းပိုက်ထားပြီးသည့် မြို့နယ်များအတွင်း စစ်ကောင်စီတပ်များထောင်ထားသည့် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့ လုပ်လို့ရသမျှ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် လုပ်သွားဖို့ရှိပါတယ်။ အထူးသဖြင့် မိုင်းရှင်းလင်းရေးကိစ္စတွေ သန့်ရှင်းရေးကိစ္စတွေ စသည်အားဖြင့်ပေါ့လေ ဒါတွေကို စနစ်တကျလုပ်ပြီးမှ ပြည်သူကိုအတတ်နိုင်ဆုံး လုံခြုံစိတ်ချရတဲ့အနေအထားမှာမှ ပြန်ပြီးတော့ အခြေချနေထိုင်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။”ဟု ချင်းညီနောင်တပ်ဖွဲ့ စစ်ချုပ်ကပြောသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ကွဲလွဲမှုသည် စစ်အာဏာရှင်ကို ဖြုတ်ချရေးလောက် အရေးမကြီးဟုလည်း ချင်းညီနောင်တပ်ဖွဲ့မှ ခေါင်းဆောင်များက ဆိုသည်။ 

ချင်းညီနောင်တွင် CDF မင်းတပ်၊ မရာတပ် MDF၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)၊ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ပါဝင်ကာ အာရက္ခတပ်တော(AA)မှာလည်း မဟာမိတ်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒေသလွတ်မြောက်ရေးအတွက်ကိုပဲ အေးဆေးနေမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အားလုံးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အားလုံးလွတ်မြောက်ဖို့ တထောင့်တနေရာက အခန်းကဏ္ဍကလည်း ပူးပေါင်းပါဝင်ပြီးတော့ တော်လှန်ရေးအင်အားစုတွေ လက်တွဲသွားဖို့ရှိပါတယ်။”ဟု ချင်းညီနောင်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ဆက်ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် နိုင်ငံရေးအကျဉ်းသား(၁၃)ဦးကို ကယ်ထုတ်နိုင်ခဲ့သည့်နည်းတူ ကန်ပက်လက်မြို့ တွင်လည်း နိုင်ငံရေးအကျဉ်းသား(၄)ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: Chin Defence Force - Mindat