ဂိတ်စခန်းများဝင်တိုက်ခိုက်ခံရသဖြင့် ညောင်ပင်ပေါက်ရွာကိုဝင်စီးကာ အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးထား

ဂိတ်စခန်းများဝင်တိုက်ခိုက်ခံရသဖြင့် ညောင်ပင်ပေါက်ရွာကိုဝင်စီးကာ အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးထား

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးနှင့် သတင်းပေးဖမ်းခံရခြင်း အပါအဝင် ဂိတ်စခန်းများ တိုက်ခိုက်ခံရခြင်းတို့ကြောင့် ညောင်ပင်ပေါက်ရွာကိုဝင်စီးကာ အရပ်သား(၁၀၀)ကျော်အား ဖမ်ဆီးထားသည်ဟု မီးနဂါးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဂိတ်စခန်းအား တော်လှန်ရေးတပ်ကသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် အလောင်းများ လာရောက်ရှင်းလင်း၍ ရွှေကျင်မြို့ဘက်မှ အင်အား(၁၀၀)ကျော်ဖြင့် တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ညောင်ပင်ပေါက်ရွာကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု ဆိုသည်။

“အချိန်အားဖြင့် နေ့လယ် (၁) နာရီလောက်ကစပြီး စတင်ပစ်ခတ်လာတာပါ။ ညနေ (၅) နာရီကြာထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်။ စကစ ဘက်က နင်းမိုင်းမိတာ ပစ်ခတ်ချိန်ဒဏ်ရာရ သေဆုံးတာတွေအများပြားရှိခဲ့ပေမယ့် ဦးရေနဲ့ စာရင်းတိကျတော့ မသိရှိရပါဘူး။ ကျွန်တော်တို့ ညောင်ပေါက်ရွာကနေ ဆုတ်ပေးလိုက်ရပါတယ်။”ဟု မီးနဂါးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ညောင်ပင်ပေါက်ရွာသည် ညောင်လေးပင်-ရွှေကျင်ကားလမ်းတွင်ရှိကာ စစ်ကောင်စီတပ်က သွားလာရေးတွင် ကာကင်းယူပြီးမှ သွားလာရသည့် အခြေအနေဖြစ်သဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“အိမ်ခြေ (၆၀) ကျော်လောက်ဆို အနည်းဆုံး (၁၀၀)ကျော်လောက်တော့ရှိမယ်။ စစ်ကောင်စီတပ်သားတွေ ဝင်လာချိန် ဆဲဆိုကြိမ်းမောင်းလုပ်ပြီး ညောင်ပင်ပေါက်ရွာလယ်ဘုန်းကျောင်းထဲ အကုန်စုထားတယ်လို့သိရပါတယ်။ အခုလက်ရှိကတော့ ညောင်ပင်ပေါက်ရွာမှာ ခွေးပြန်ဝင်နေပြီး ကျွန်တော်တို့နဲ့ စစ်ဆိုင်ထားပါတယ်။ ဒီနေ့အထိ ဖမ်းခံရသူတွေ ပြန်မလွတ်သေးဘူး။”ဟု မီးနဂါးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဒီဇင်ဘာလ (၁၃)ရက်နေ့က ညောင်လေးပင်မြို့အနီးရှိ စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး(၂)ဦးသေပြီး မောင်းပြန်တစ်လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

“ညောင်လေးပင်မြို့အနီးကင်းစခန်းဆိုတာက ညောင်လေးပင် ရွှေကျင်ကားလမ်းပေါ်မှာပဲ။ ညောင်လေးပင်မြို့အထွက် နွားသတ်ရုံရှေ့ကင်းစခန်းတစ်လုံးနဲ့ မုက္ခမူရွာစာသင်ကျောင်းရှေ့ ကင်းစခန်းပါ။ အဲဒီမှာ ပျူစောထီး နှစ်ကောင်သေခဲ့ပြီး သေနတ် ကာဘိုင် တစ်လတ်ရရှိခဲ့တာပါ။”ဟု မီးနဂါးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်လည်း ရွှေကျင်ညောင်လေးပင်လမ်းပေါ်ရှိ ဂိတ်စခန်းတစ်ခုကို ထပ်မံစီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ တချို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

“နောက်ရက်က ညောင်လေးပင်-ရွှေကျင်ကားလမ်းပေါ်မှာပဲ လုထုဦးလှရဲ့ ဇာတိရွာဖြစ်တဲ့ ပုဇွန်မြောင်းရွာနဲ့ စစ်ကောင်စီအထိုင်ချထားတဲ့ ရေကြည်ချောင်းရွာကြားက မလူးတဲအထိုင်ဂိတ်စခန်းကိုဝင်တိုက်တာပါ။ ခွေး (၅) ကောင်သေတယ်။ သေနတ် (၅) လက်ရတယ်၊ G3 (၂) လက်၊ MA (၃) လက်ရတယ်။”ဟု ၎င်းက ဆက်ပြောသည်။

မီးနဂါးတပ်ဖွဲ့သည် KNLA တပ်ရင်း(၉)နှင့် ပူပေါင်း၍ ဒီဇင်ဘာလ (၁၈)ရက်နေ့ ညပိုင်းတွင် ပုဇွန်မြောင်းရွာ စျေးပိုင်းနောက်ကြော ညောင်ပင်ကုန်းမှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင်  ရေဖြူကန်ရွာ အရှေ့ဘက်ကွင်းသို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားတစ်ဦးတို့အား စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency