အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် တစ်ထောင်ခန့် သေဆုံး

အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် တစ်ထောင်ခန့် သေဆုံး

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် တစ်ထောင်ခန့် သေဆုံးပြီး လူငယ်နှစ်ထောင်ကျော် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ လေးနှစ်နီးပါး ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်းတွင် ကလေးငယ် (၉၅၆)ဦး သေဆုံးခဲ့ပြီး ၊ စစ်ကိုင်းတိုင်းမှ ကလေးငယ် (၃၀၀)ဦးဖြင့် အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်မှ ကလေးငယ် (၁၀၀) ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုသည် တော်လှန်ရေး ကာလအတွင်း သေဆုံးသူ စုစုပေါင်း (၈၄၈၆) ဦး၏ (၁၁.၃) ရာခိုင်နူန်း ရှိကာ နှစ်အလိုက် သေဆုံးမှုအရ ၂၀၂၁ ခုနှစ်တွင် ကလေးငယ် (၉၅)ဦး ၊ ၂၀၂၂ ခုနှစ်တွင် ကလေးငယ် (၁၇၇)ဦးနှင့် ၂၀၂၃ ခုနှစ်တွင် ကလေးငယ် (၃၅၅) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးကျေးရွာနှင့် ကျော်လှေကားရွာတို့အား စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောက်လှေကားကျေးရွာ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ကြားနေသည့် ကလေးငယ် (၃)ဦးအပါအဝင် ပြည်သူ (၅)ဦး ဗုံးစထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီး လေးနှစ်နီးပါး ကာလအတွင်း လူငယ် စုစုပေါင်း (၂,၂၃၆) ဦး သေဆုံးခဲ့ပြီး ၊ တော်လှန်ရေးကာလအတွင်း သေဆုံးသူဦးရေ စုစုပေါင်း၏ (၂၆.၃) ရာခိုင်နူန်းအထိရှိကာ စစ်ကိုင်းတိုင်းမှ အများဆုံး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၁၇၈၁)ဦး သေဆုံးခဲ့ပြီး ၊ တော်လှန်ရေးကာလအတွင်း သေဆုံးသူ အားလုံး၏ (၂၁) ရာခိုင်နူန်း ရှိကာ စစ်ကိုင်းတိုင်းမှပင် အများဆုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: Ministry of Women, Youth and Children Affairs