လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဆိုသော စကားကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဒုတိယအကြိမ်အဖြစ် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ကပြုလုပ်သည့် စစ်တပ်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲတွင် ပြောဆိုသည်။
ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု ပြောဆိုသည်။
တာဝန်ကျရာနယ်မြေ ဒေသအသီးသီးသို့ ရောက်ရှိချိန်တွင် တတ်ကျွမ်းထားသည့် ဆေးပညာများကို လက်တွေ့အသုံးချပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားတက်သရော အောင်မြင်စွာ လုပ်ဆောင်သွားကြရန်လည်း စစ်ခေါင်းဆောင်က ပြောသည်။
စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုနေသော်လည်း ဒီဇင်ဘာလ(၁၆)ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးရွာနှင့် ကျောက်လှေကားရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေး(၃)ဦးအပါ (၅)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တရားမျှတမှုကို နည်းလမ်းအမျိုးအမျိုးဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု NUG က ယနေ့တွင် ထုတ်ပြန်သည်။
နိုဝင်ဘာလ(၁၅)ရက်နေ့ကလည်း စစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ် အစိုးရ ဥက္ကဋ္ဌ Mr. Alexey Sambuevich Tsydenov နှင့် နေပြည်တော်၌ တွေ့ဆုံသည့် ညပိုင်းမီးပုံးပျံပွဲတွင် “လူ့အသက် ထက်အရေးကြီးတာ ဘာမှမရှိ” စာတမ်းချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင်ခဲ့သေးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ယမန်နေ့ကဖော်ပြချက်အရ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ(၆၀၆၆)ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင်