ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော နခခ ၅ မှ ထွက်ပြေးသည့် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂)၏ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိပြီဟု အာရက္ခတပ် တော်(AA)က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၈)ရက် နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူး တစ်ဦးဖြစ်သည့် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂)၏ တပ်မမှူး ဗိုလ်မှူး ကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့ အပါအဝင် ငွေသားသိန်း (၈၀၀)ခန့်နှင့်အတူ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနီး၌ အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
တပ်မမှူးသည် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံ မူဆလင်များ ၏ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ရာ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။
နခခ ၅ မှ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အစ္စလာမ်မစ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းရာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ဒီဇင်ဘာလ (၈)ရက်နေ့က မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင်ဖမ်း ဆီးရမိခဲ့သည်။
ဒီဇင်ဘာလ (၈) ရက်နေ့က မောင်တောမြို့၌ တစ်ခုတည်းကျန်သော နခခ (၅)စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရာ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသူများအား AA က လိုက်လံရှင်း လင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။