မုံရွာမြို့မ ရဲစခန်းအတွင်း ရဲဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အချုပ်သားများ အခက်အခဲ ကြုံတွေ့နေ

မုံရွာမြို့မ ရဲစခန်းအတွင်း ရဲဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အချုပ်သားများ အခက်အခဲ ကြုံတွေ့နေ

စစ်ကိုင်းတိုင်း မုံရွာမြို့မရဲစခန်းအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အချုပ်သားများ အခက်အခဲများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ထံမှ သိရသည်။

မုံရွာမြို့မ ရဲစခန်းအတွင်းရှိ ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထားရသော အချုပ်သားများအပေါ် စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းများသည် လုံလောက်သည့် နေရာထိုင်ခင်းများ မပေးသည့်အပြင် ၊ ကျန်းမာရေးနှင့် သင့်တင့်လျောက်ပတ်သည့် စားစရာ ကျွေးမွေးခြင်းမပြုဘဲ ဥပဒေမဲ့ ဖမ်းဆီးထားလျက်ရှိကြောင်း သိရသည်။

“ဒီ မုံရွာမြို့မရဲစခန်းဟာ အချုပ်ခန်းတွေရှိတယ်ပေါ့နော်၊ လက်ရှိ အဲ့အချုပ်ခန်းတွေမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့လူတွေကို အဓိကအားဖြင့် ချုပ်နှောင်ထားတာတွေ့ရတယ်။ လူဦးရေ (၁၅၀) လောက်ကိုမှ ပေ (၃၀) (၄၀) လောက်ပဲရှိတဲ့ အချုပ်ခန်းလေးတွေထဲမှာ လူတွေကို ပြည့်ကျပ်စွာနဲ့ ချုပ်နှောင်ဖမ်းဆီးခြင်းခံနေရတယ်။ အဲ့လိုခံထားရတဲ့အပြင် မတရား ဖမ်းဆီးခံထားရတဲ့ လူတွေကို အစာအာဟာရ လုံလောက်ပြည့်မှီအောင် ကျွေးမွေးစောင့်ရှောက်ခြင်း ရှိမနေဘူး။ လူဦးရေ (၁၅၀)လောက်ရှိတဲ့ အဲ့ဒီ အချုပ်ခန်းမှာ အစားအသောက်လာပို့ရင် ထမင်းထုပ် ကျွတ်ကျွတ်အိတ်ထုပ်နဲ့ လာပို့တာတွေ့ရတယ်။ အဲ့မှာဆိုရင် လူ (၁၅၀) အတွက်ကို အထုပ်ရေ (၁၀၀) လောက်ပဲ လာပို့တယ်။ ဒါကြောင့်မို့ အဲ့အချုပ်ခန်းတွေမှာ ကျွေးတဲ့ အစားအသောက်တွေက စားဖို့ အဆင်မပြေတဲ့အခါမှာ ကျန်းမာစွာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့ ရဲတွေ ရောင်းနေတဲ့ ထမင်း၊ဟင်းတွေကိုပဲ လပေး စားသောက်နေရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ အခြေအနေ အခက်အခဲများအပေါ် အခွင့်အရေးရယူလျက် ရဲဝန်ထမ်းများ၏ မိသားစုဝင်များကပါ ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထားရသော အချုပ်သားများအပေါ် ကိုယ်ကျိုးစီးပွားရှာ ခေါင်းပုံဖြတ်လျက်ရှိနေသည်ဟု ဆိုသည်။

“ဒါကြောင့်မို့လို့ ရဲမိသားစုဝင်တွေကပဲ စခန်းထဲမှာ ဆိုင်ပြန်ဖွင့်ပြီး ပြန်ရောင်းချနေတယ်ပေါ့နော်။ ဒီ မတန်တဆဈေးတွေနဲ့ ပေးရတဲ့အခါမျိုးမှာ မတရားဖမ်းဆီးခံရတဲ့အပြင် အဲ့ဒီ ဖမ်းဆီးခံရတဲ့လူတွေအပေါ်မှာ ရသမျှ ငွေကြေးကို တောင်းခံတာမျိုးတွေ ၊ အခုလိုမျိုး အစားအသောက်ရောင်းချခြင်းအပြင် တ​ခြားနည်းလမ်းတွေနဲ့ ငွေကြေးတွေတောင်းခံတာမျိုးတွေလည်း လုပ်ဆောင်နေတယ်ပေါ့နော်။ လူဦးရေ (၁၅၀) လောက်မှာ (၁၀၀)လောက်ပဲ ၀ယ်စားနေကြတယ်ဆိုရင်တောင်မှ တစ်လကို သူတို့ရဲ့ ၀င်ငွေက အစားအသောက်ဖိုးနဲ့တင် သိန်း (၂၀၀) လောက်ဝင်နေတယ်။” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ထို့အပြင် မိသားစုများမှပေးပို့လာသော ငွေကြေးနှင့်အခြားပစ္စည်းများကိုလည်း ဖြတ်ယူခြင်း၊ အလွဲသုံးစားပြုခြင်းများကိုလည်း ကျူးလွန်လျက်ရှိသည့်အပြင် စိတ်မကျေနပ်သည့်အခါတိုင်း ဆဲရေးတိုင်းထွာခြင်း၊ စိတ်ရှိတိုင်း ပြောဆိုခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။

“တော်လှန်ရေးအင်အားစုတွေက စခန်းတွေကို လာတိုက်မယ်ဆိုရင်ပေါ့နော် ၊ အဲ့ဒီ့လူတွေကိုပဲ သူတို့ရဲ့ အသက်အန္တရာယ်တွေကို ကာကွယ်ပေးဖို့အတွက် လူသားတံတိုင်းပုံစံမျိုး ခုတုံးလုပ်ဖို့ကိုလည်း သူတို့တွေအနေနဲ့ စုဆောင်းထားတဲ့ ပုံစံမျိုးပေါ့နော် ။ တကယ်တမ်းဆိုရင် ထောင်ကိုပို့ရမယ်၊ သူတို့တွေကို အခုအချိန်အထိ ထောင်ကိုမပို့ဘဲ အချုပ်ထဲမှာတင်ပဲ လူဦးရေ ရာကျော်လောက်ကို ထားထားတာဟာ ရည်ရွယ်ချက်ရှိရှိကိုမှ ဖမ်းဆီးချုပ်နှောင်ပြီးမှ သူတို့ရဲ့ အကျိုးစီးပွားရရှိရေးနဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ရရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာကို ကျနော်တို့ သိစေချင်တယ်။” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ၊ သပိတ်အင်အားစုများ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသည့် ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးမှုများကို ထိရောက်စွာ ပြုလုပ်ပေးကြပါရန် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တိုက်တွန်းထားသည်။

#TachileikNewsAgency