ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် - မဒေါက်လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် လာသည့် စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် သတင်းပေးတစ်ဦးကို ဖမ်းဆီးရမိသည်ဟု Fire Dragon PDF အဖွဲ့ထံမှ သိရသည်။
တောင်ငူစစ်ဌာနချုပ်သို့ အရပ်ဝတ်ဖြင့်လာသည့် ခမရ(၅၇)တပ် ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်ကောင်စီ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့က အရှင်ဖမ်းဆီးရမိ ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“မဒေါက်-ညောင်လေးပင်လမ်းပိုင်းမှာ ကျွန်တော်တို့ အထူးရဲဘော်တွေက တက်ဆွဲတာပါ။ သူက တောင်ငူကို သွားတာ။”ဟု Fire Dragon PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဖမ်းဆီးရမိသည့် ဗိုလ်ကြီး ညီညီအောင်နှင့် ပြည့်ဖြိုးအောင်တို့ထံမှ လက်နက်များ သိမ်းဆည်းရရှိခြင်း မရှိသော်လည်း ၎င်းတို့ကို KNU ထံ လွှဲပြောင်းအပ်နှံလိုက်ပြီဟုလည်း ဆိုသည်။
ခလရ(၅၇)တပ်ရင်းသည် ရွှေကျင်အခြေစိုက်ဖြစ်ပြီး ဗိုလ်ကြီးညီညီအောင်ဆိုသူမှာ အသက်(၂၉)နှစ်အရွယ်ဖြစ် သည့်အပြင် သတင်းပေးမှာ ရွှေကျင်မြို့နယ် ရှမ်းရွာနေ အသက်(၂၁)နှစ်အရွယ်ဖြစ်သည်ဟု ဆိုသည်။
Fire Dragon PDF သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီနှင့် ပျူစောထီး(၆)ဦးအထိ ဖမ်း ဆီးရမိကာ KNU ထံလွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။