အာဏာသိမ်းစစ်အုပ်စုကြီးစိုးထားရာ နေပြည်တော်ကို ဝင်လာနိုင်သော လမ်းကြောင်းများအား စစ်ကောင်စီတပ်က အင်အားသုံးကာကွယ်နေပြီဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ က ဒီဇင်ဘာလ (၁၂)ရက်နေ့က တိုက်ပွဲဖြစ် အပြီးတွင် အသိပေးသည်။
နေပြည်တော်ကို ဝင်လာနိုင်သည့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များသည် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေဖြစ်လာပြီဟုလည်း နေပြည်တော် PDF တပ်ရင်း ၉၀၁ က ဆို သည်။
“စစ်ကောင်စီတပ်အနေနဲ့ နေပြည်တော်ကိုဝင်နိုင်တဲ့ လမ်းကြောင်းတွေကို အင်အားသုံးကာကွယ်နေတာမို့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်စစ်ဆင်ရေးဒေသဟာ စိန်ခေါ်မှုကြီးတဲ့ ဒေသဖြစ်တာကြောင့် ပြည်သူအများက အာရုံစိုက်ဝန်းရံပေးကြဖို့ လိုအပ်ပါတယ်ခင်ဗျ။”ဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
နေပြည်တော်နှင့် မိုင်(၅၀)သာကွာဝေးသည့် ရေတာရှည်မြို့နယ်တွင် ရွာသစ်ကျေးရွာမှ ပိတောက်ကုန်းကျေးရွာသို့ အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ဒီဇင်ဘာလ (၁၂)ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်စစ်ဆိုင်ထားသည့် အခြေအနေဖြစ်လာသည်။
“ရန်သူက စစ်ကြောင်းအလိုက် နေ့စဥ်လှုပ်ရှားနေလို့ပါ။ အနီးနားမှာပဲ စစ်ဆိုင်ထားကြပါတယ်။”ဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အနောက်ကမ်း ကျွန်တောကုန်းဘက်၊ အရှေ့ကမ်းရှိ ရွာသစ်၊ ပိတောက်ကုန်းတစ်ကြောတွင်လည်း စစ်ကြောင်းလှုပ်ရှားမှုများရှိနေသည်ဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ က အသိပေးသည်။
ပိတောက်ကုန်းရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (၉၀၁)၊ တပ်ရင်း (၃၅၀၂) ကီးကူစစ်ကြောင်း၊ တော်ဝင်လျှပ်စီး (RTC) စစ်ကြောင်းတို့က မိုင်းဆွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ မိနစ်(၉၀)ကြာ တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း ညပိုင်း(၆)နာရီတွင် ထပ်မံဝင်ရောက်လာသဖြင့် တိုက်ပွဲ(၂)နာရီကြာ ထပ်မံဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ပြန်လည်ဆုတ်ခွာခြင်းမပြုဘဲ ပိတောက်ကုန်းကျေးရွာအတွင်းမှနေ၍ တော်လှန်ရေးတပ်များနှင့် တစ်ညလုံး စစ်ဆိုင်ထားသဖြင့် စစ်ကောင်စီတပ်ဖြန့်ထားရာနေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
တိုက်ပွဲကြောင့် ပိတောက်ကုန်းကျေးရွာမှ ဒေသခံများ ရှောင်တိမ်းရသည်ဟုလည်း သိရသည်။
"ရေတာရှည်အရှေ့ကမှာ စစ်တပ်က ရွာသစ်ကျေးရွာမှာ အထိုင်ချထားသေးတယ်။ အဲ့ကနေပြီး စစ်ကြောင်းဖြန့်တာ။"ဟု နေပြည်တော် PDF တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလက တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားသည့် အရှေ့ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းကြီးများထိုးလာသဖြင့် ရွာတချို့မှ ဆုတ်ခွာပေးလိုက်ရသည်ဟုလည်း နေပြည်တော် PDF တပ်ရင်း ၉၀၁ က ဆိုသည်။
ပဲခူးတိုင်းအတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နယ်များမှာ KNU တပ်မဟာ (၂)လှုပ်ရှားနယ်မြေများဖြစ်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားရာဒေသလည်းဖြစ်သည်။
ရေတာရှည်နှင့် အနီးဆုံးဖြစ်သည့် တောင်ငူမြို့ လေတပ်စခန်းဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက တိုက်ခိုက်နေပြီဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ) လေတပ်စခန်းအတွင်းသို့ (၁၀၇)မမ ရှော့တိုက်ဒုံး(၅)လုံးနှင့် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို (၁၀၇)မမ ရှော့တိုက် ဒုံး (၄)လုံးတိုဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။
KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် နေပြည်တော်နှင့်အနီးဆုံး စစ်တောင်းမြစ်ဝှမ်းဒေသတွင် ခြေကုပ်ယူထားပြီး နေပြည်တော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: နေပြည်တော် PDF