ပခုက္ကူမြို့နယ်ရှိ ရေလာလေးစစ်ကောင်စီတပ်စခန်း တော်လှန်ရေးတပ်များဝင်စီး

ပခုက္ကူမြို့နယ်ရှိ ရေလာလေးစစ်ကောင်စီတပ်စခန်း တော်လှန်ရေးတပ်များဝင်စီး

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ရေလာလေးစစ်ကောင်စီတပ်စခန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များ  ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု People's Democratic Army–PDA ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နာရီခွဲကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးသည်ဟု ဆိုသည်။

“ရန်သူ့လေယာဉ်မှ လေးကြိမ်တိတိ ဗုံးကြဲပစ်ကူပေးခဲ့မှုများရှိခဲ့တာကြောင့် ဒေသခံပြည်သူ (၃) ဦးနှင့် ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။”ဟု People's Democratic Army–PDA က ဖော်ပြသည်။

တိုက်ပွဲတွင် အမှတ်(၈) စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော် ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့နှစ်ဦး တိုက်ပွဲတွင် ကျဆုံးသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စခန်းအတွင်းမှ (၆၀)မမ စိန်ပြောင်းတစ်လက်၊ MA-2 တစ်လက်၊ MA-3 တစ်လက်၊ M-2 ကာဘိုင် (၁၂)လက်၊ ရှော့ဂန်း (၃)လက်၊ ၅.၅၆ လက်လုပ် တစ်လက်၊ ကျည်ဘောက် (၁၀)ခု၊ ကျည်မျိုးစုံ (၂၀၀၀)ဝန်းကျင်နှင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ စစ်သုံ့ပန်း(၇)ဦးကို ဖမ်းဆီးရမိသည်ဟု သိရသည်။

တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်မှန်းကာ စုဖွဲ့တိုက်ပွဲဝင်နေသည့် အမှတ်(၈)စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း၊ Kamma Revolution Force တို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: People's Democratic Army - PDA