စစ်ရာဇဝတ်မှုများတွင် ပါဝင်နေသည့် ရင်းနှီးမြုပ်နှံမှုများကို ရပ်တန့်ရန် Airbus CEO ထံ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို

စစ်ရာဇဝတ်မှုများတွင် ပါဝင်နေသည့် ရင်းနှီးမြုပ်နှံမှုများကို ရပ်တန့်ရန် Airbus CEO ထံ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို

စစ်အုပ်စုကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများတွင် ပါဝင်နေသော ရင်းနှီးမြုပ်နှံမှုများကို ရပ်တန့်ရန် Airbus CEO ထံ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြောင်း သိရသည်။

Airbus ကုမ္ပဏီသည် စစ်အုပ်စုအတွက် စစ်လေယာဉ်များ အဓိကရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးများ ပြုလုပ်ပေးသည့် AviChina ကုမ္ပဏီ၏ အကြီးဆုံး နိုင်ငံတကာရှယ်ယာရှင်ဖြစ်ပြီး ၊ AviChina၏ မဟာဗျူဟာ ဆုံးဖြတ်ချက်များအပေါ်  ကြီးမားသည့် ဩဇာလွှမ်းမိုးမှုရှိသည့်အတွက် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ယုံကြည်ထိုက်သော စောင့်ကြည့်မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းများ ရှိနေသည်ဖြစ်ရာ စစ်အုပ်စုထံ လက်နက်ရောင်းချပေးနေသည့် AVIC နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာကြီး ဖြစ်နိုင်သည်ကို Airbus အနေဖြင့် သိရှိပြီးဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

သို့ရာတွင် Airbus ကုမ္ပဏီအနေဖြင့် AVICနှင့် ဆက်ပြီး ပူးပေါင်းဆောင်ရွက်သည့်အပြင် ဟောင်ကောင် စာရင်းဝင်ကုမ္ပဏီ AviChina Industry & Technology Company Limited မှတဆင့် AVIC ၏ ကုမ္ပဏီခွဲများစွာတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ထားရှိခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် AviChina ၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် “ကုမ္ပဏီသည် အခြေခံအားဖြင့် မိမိတို့ကုမ္ပဏီခွဲများမှတဆင့် လုပ်ငန်းများဆောင်ရွက်ကြောင်း”၊ AviChina Group သည် ပြည်တွင်းနှင့် ပြည်ပ ဝယ်ယူသူများအတွက် ဟယ်လီကော်ပတာများ၊ လေ့ကျင့်ရေးလေယာဉ်များ၊ ဘက်စုံသုံးလေယာဉ်များနှင့် ဒေသသုံး ဂျက်လေယာဉ်များ ရောင်းချပေးအပ်ခြင်း၊ ပြည်ပလေကြောင်း ထုတ်လုပ်ရေးကုမ္ပဏီများနှင့် လေကြောင်းဆိုင်ရာ ထုတ်ကုန်များ ပူးတွဲတီထွင် ထုတ်လုပ်ခြင်းများကဲ့သို့သော အရပ်ဘက်လေကြောင်း ထုတ်ကုန်များနှင့် ကာကွယ်ရေးထုတ်ကုန်များကို တီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် အဓိက လုပ်ဆောင်သည် ” ဟု ဖော်ပြထားကြောင်း သိရသည်။

ကုမ္ပဏီအုပ်စု၏ အဓိကထုတ်ကုန်များတွင် K8 လေ့ကျင့်ရေး လေယာဉ်နှင့် Y-12 ဘက်စုံသုံး လေယာဉ်များပါဝင်ကြောင်း အစီရင်ခံစာအရ သိရပြီး ၊ အဆိုပါလေယာဉ်နှစ်မျိုးလုံးကို မြန်မာစစ်အုပ်စုက အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ဝယ်ယူအသုံးပြုခဲ့ကာ မြန်မာ့လေတပ်က အရပ်သား ပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် ယင်းလေယာဉ်များကို ဆက်လက်အသုံးပြုကြောင်း မကြာခဏဆိုသလို မှတ်တမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုသည် အာဏာသိမ်းကြိုးပမ်းမှုနောက် သုံးနှစ်ကျော်ကာလအထိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နိုင်ခြင်းမှာ စစ်အုပ်စုအနေဖြင့် တိုက်ခိုက်ရေး လေယာဉ်များနှင့် ဆက်စပ်ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများ ၊ စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်းကြောင့်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

“စစ်မက်ပြုခြင်းဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများအား စနစ်တကျ ဆိုးရွားကျယ်ပြန့်စွာ ချိုးဖောက်သည့် နည်းလမ်းများဖြင့် လက်နက်များကို အသုံးပြုမည့် တိုင်းပြည်တစ်ခု” သို့ စစ်လက်နက်များ ရောင်းချခြင်းနှင့် ဆက်နွှယ်သည့် လက်ခံနိုင်ဖွယ်ရာမရှိသော အန္တရာယ်များကြောင့် နော်ဝေအစိုးရ ပင်စင်ရံပုံငွေအဖွဲ့ အပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများသည် AviChina ကုမ္ပဏီအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ စာရင်းမှ ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများအရ Airbus ကုမ္ပဏီသည် စီးပွားရေး လုပ်ဆောင်မှုများတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် သီးခြားတာဝန် တစ်ရပ်ရှိနေပြီး ကုမ္ပဏီအနေဖြင့် မိမိတို့ကြောင့်ဖြစ်စေ၊ မိမိတို့ပါဝင်အားဖြည့်မှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသည့် သို့မဟုတ် မိမိတို့ထုတ်ကုန်များအား လက်ဝယ်အသုံးပြုသူများနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများ အပါအဝင် စီးပွားရေးဆက်ဆံမှုများနှင့် တိုက်ရိုက်ဆက်နွယ်နေသည့် လူ့အခွင့်အရေးအန္တရာယ်များ၊ ထိခိုက်နစ်နာမှုများကို ရှာဖွေဖော်ထုတ် စိစစ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းက ဆိုသည်။

Airbus ကုမ္ပဏီအနေဖြင့် AviChina ကဲ့သို့သော တိုက်ရိုက်ချိတ်ဆက်သည့် ကုမ္ပဏီများ၊ AVIC ကုမ္ပဏီတို့နှင့် ဘဏ္ဍာရေး၊ မဟာဗျူဟာချိတ်ဆက်မှုများမှတဆင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်းမရှိစေရန် ဂရုပြုရမည့် သီးခြားတာဝန်တစ်ရပ် ရှိနေသည်ဟု သတိပေးသည်။

AviChian တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းဖြင့် Airbus ကုမ္ပဏီသည် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေး ပြဌာန်းချက်များကို ချိုးဖောက်ရာ ရောက်နိုင်သဖြင့် AVIC ကုမ္ပဏီခွဲများနှင့် မိတ်ဖက်များက စစ်အုပ်စုထံ ဆက်လက်ရောင်းချပေးအပ်နေသည့် စစ်ဘက်လေယာဉ်များ၊ အပိုပစ္စည်း အစိတ်အပိုင်းများနှင့် ဆက်စပ်သော ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ဝန်ဆောင်မှုများအား ပိတ်ပင်ဟန့်တားရန်နှင့် ပြတ်သားသည့်အရေးယူမှုများ လုပ်ဆောင်ရန် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Airbus ကုမ္ပဏီအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ လက်ရှိ ရောင်းချနေမှုနှင့် ရောင်းချရန်စီစဉ်ထားမှုအားလုံးကို ရပ်တန့်စေရန်၊ မြန်မာ့လေတပ်၏ လေယာဉ်များအတွက် လက်ရှိပေးအပ်လျက်ရှိသည့် သို့မဟုတ် ပေးအပ်ရန်ကတိပြု ထားသည့် ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာအကူအညီအားလုံးကို ရပ်ဆိုင်းရန်အတွက် AIVCနှင့် ကုမ္ပဏီခွဲများအပေါ် မိမိတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုရန် တိုက်တွန်းထားသည်။

လက်ရှိလုပ်ဆောင်လျက်ရှိသည့် မိတ်ဖက်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တဆင့် AVIC သည် Airbus ၏ နည်းပညာနှင့် ထုတ်ကုန်များကို နည်းလမ်းများစွာဖြင့် ရရှိနေပြီး၊ ယင်းသို့ရရှိနေမှုသည် AVIC ၏ စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုများအတွက် အကျိုးကျေးဇူးများ ရှိခဲ့နိုင်ကာ Airbus အနေဖြင့် AVIC နှင့် ၎င်း၏ ကုမ္ပဏီခွဲများဖြင့် လက်ရှိအပါအဝင် အနာဂတ်မိတ်ဖက် ဆောင်ရွက်မှု မှန်သမျှတွင် တင်ကြိုစိစစ်မှုများ တိုးမြှင့်လုပ်ဆောင်သင့်ပြီး၊ အဆိုပါ တင်ကြိုစိစစ်မှုများ ကိုလည်း အများပြည်သူသို့ ထုတ်ပြန်သင့်သည်ဟု ဆိုသည်။

AVIC သည် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းရန် ငြင်းဆန်ပါက AviChina မှ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိစွာ ရုတ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက Airbus CEO ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: Justice For Myanmar