အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ဝယ်ပေးနေသော လုပ်ငန်းရှင်တစ်ဦး ရန်ကုန်တွင် ပစ်ခတ်ခံရ

အာဏာသိမ်းစစ်ကောင်စီအတွက် လက်နက်ဝယ်ပေးနေသော လုပ်ငန်းရှင်တစ်ဦး ရန်ကုန်တွင် ပစ်ခတ်ခံရ

 အာဏာသိမ်းစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အမည်ခံကာ ပစ္စည်းဝယ်ယူပေးနေသူတစ်ဦးကို မြို့ပြပျောက်ကျားတပ်ဖွဲ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ညပိုင်းက အနီးကပ်ပစ်ခတ်သွားကြောင်း သိရသည်။

 Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က အဆိုပါ ပစ်ခတ်မှုကို ပြုလုပ်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ည (၁၀)နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းရာသို့ ထွက်လာနိုင်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။



ပစ်ခတ်ခံရသူမှာ စစ်ကောင်စီတပ် အသိုင်းအဝိုင်းတွင်  ကိုဉာဏ်ဟု လူသိများသည့် ဉာဏ်လွင်အောင်ဆိုသူဖြစ်ပြီး ၎င်းသည် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် Facial Recognition ပါ CCTV များတင်သွင်း တပ်ဆင်ခြင်းအပါအဝင်  ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံကာ ပစ္စည်းများဝယ်ယူပေးနေသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

၎င်းသည် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းကိုယ်ကို တပ်မတော်မိသားစုလုပ်ငန်းရှင်ဟုသာ ခံယူကြောင်း ထုတ်ဖော်ပြောဆိုထားသူဖြစ်ကြောင်း သိရသည်။ 

ဉာဏ်လွင်အောင်သည် စစ်တပ်အာဏာသိမ်းခြင်းကို အပြည့်အဝ ထောက်ခံရုံသာမက လူမှုကွန်ယက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုလေ့ရှိပြီး ၎င်း၏ ဝန်ထမ်းများကိုလည်း နံနက်တိုင်း စစ်ကောင်စီ၏ သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုခိုင်းသည်ဟု သိရသည်။

 ၎င်းသည် မြန်မာနိုင်ငံအပြင် ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့်လုပ်ငန်းခွဲများဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ထောက်လှမ်းရရှိသည့် အချက်အလက်များအရ သိရသည်ဟု ဖေါ်ပြထားသည်။

ဉာဏ်လွင်အောင်သည် ရုရှားသို့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်များနှင့်အတူ ခရီးသွားလေ့ရှိကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်လည်း ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်း၍ အခွင့်အရေးရယူကာ စီးပွားရေးလုပ်ဆောင်နေကြသူများအား Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ထောက်လှမ်းစုံစမ်းဖေါ်ထုတ်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။