KIA ထိုးစစ်ကြောင့် ထွက်ပြေးသွားသည့် ဦးဇခုန်တိန့်ယိန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံ

KIA ထိုးစစ်ကြောင့် ထွက်ပြေးသွားသည့် ဦးဇခုန်တိန့်ယိန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိုးစစ်ဆင်သိမ်းပိုက်မှုကြောင့် ထွက်ပြေးသွားသည့် အထူးဒေသ(၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းနှင့် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံကြသည်ဟု စစ်ကောင်စီဘက်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဖော်ပြသည်။

KIA ၏ ထိုးစစ်အတွင်း ဦးဇခုန်တိန့်ယိန်းသည် မည်သည့်နေရာသို့ ထွက်ပြေးလွတ်မြောက်သွားသည်ကိုမူ မသိရှိရသေးသည့်အပြင် ၎င်းတို့တွေ့ဆုံရခြင်းအကြောင်းအရာကိုလည်း စစ်ကောင်စီဘက်က လျှို့ဝှက်ထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်း ဦးဇခုန်တိန့်ယိန်းကို အရပ်ဝတ်ဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးတွေ့ဆုံမှုနောက်တွင် ချိတ်ဆွဲထားသည့် ပြက္ခဒိန်အရ ၂၀၂၄ခုနှစ်အတွင်းဖြစ်သည်ကို အတည်ပြုနိုင်သည်။

ဦးဇခုန်တိန့်ယိန်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ရန်ကုန်၊ မန္တလေးနှင့် ထိုင်း၊ တရုတ်၊ စင်္ကာပူနိုင်ငံတို့တွင် နေအိမ်များရှိကာ ယခုဓာတ်ပုံပါ နေအိမ်အပြင်အဆင်သည် စီတာပူရပ်ကွက်တွင် မဟုတ်ဟုလည်း သူ၏ နေအိမ်အား ရောက်ဖူးသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

“မြစ်ကြီးနား ယုဇနက အိမ်လိုမျိုးနဲ့တော့တူတယ်။ ဒါပေမယ့် ဒီပုံက အဲဒီအိမ်မဟုတ်ဘူး။ အဲဒီအိမ်မှာက သူ့ဆွေမျိုးမကင်းတွေဘဲနေတာ။ သူမနေဘူး။”ဟု ၎င်းက ပြောသည်။

KIA သည် အထူးဒေသ(၁)အတွင်းပါဝင်သည့် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဦးဇခုန်တိန့်ယိန်း အမြဲတမ်းနေထိုင်သော ပန်ဝါရှိနေအိမ်ကိုပါ ချိပ်ပိတ်သိမ်းဆည်းလိုက်သဖြင့် ၎င်းလည်းထွက်ပြေးရသည်။ 

“မန္တလေးမှာလို့တော့ မထင်ဘူး။ မြစ်ကြီးနားက တစ်နေရာလို့ ထင်တာပဲ။ တချက်တချက်ကြည့်ရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တပ်ထဲက အရာရှိဧည့်ရိပ်သာနဲ့တောင် တူနေတယ်။”ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်အတွင်းသို့ ရောက်ဖူးသူတစ်ဦးက Tachileik News Agency ကိုထပ်မံပြောသည်။

ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်ကချင်(NDA-K)သည် ကဗမာပြည်ကွန်မြူနစ်ပါတီကခွဲထွက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်၍ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ကန်ပိုက်တီနှင့် ဝိုင်းမော်မြို့နယ်တို့အား ကချင်ပြည်နယ် အထူးဒေသ(၁)ဟု ထူထောင်ခဲ့သူဖြစ်သည်။

KIA ၏ ထိုးစစ်များစတင်ချိန် နယ်ခြားစောင့်တပ်ရင်း(၃)ရင်း၊ ပြည်သူ့စစ်အဖွဲ့များ၊ စစ်ကောင်စီတပ်များအား အထူးဒေသ(၁)ကို ခုခံကြရန် ၂၀၂၄ခုနှစ် ဇွန်လ(၇)ရက်နေ့တွင် စစ်မိန့်ပေးခဲ့သူလည်းဖြစ်သည်။

KIA သည် အထူးဒေသ(၁)တစ်ခုလုံး၏ နောက်ဆုံးကျန် ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ(၂၀)ရက်နေ့က အပြီးသိမ်းပြီးနောက် အထူးဒေသ(၁)အား ဖျက်သိမ်းလိုက်ကြောင်း တစ်ပတ်အကြာတွင် ကြေညာသည်။

ထို့နောက် အထူးဒေသ(၁)တွင် နေထိုင်သော ဌာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ပူးပေါင်း၍ ဖွံ့ ဖြိုးရေးလုပ်ငန်းများလုပ်ရန် KIA ကဖိတ်ခေါ်သည်။ 

ဦးဇခုန်တိန့်ယိန်းနေထိုင်ခဲ့သည့် ပန်ဝါဒေသတွင် မြေရှားသတ္တုအဓိကထွက်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ကန်ပိုက်တီမြို့မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိနေသည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

KIA ဗန်းမော်ထိုးစစ်ဆင်နေချိန် တရုတ်နိုင်ငံက ဖိတ်ကြားသဖြင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့ သည် တရုတ်နိုင်ငံသို့ ဒီဇင်ဘာလ(၉)ရက်နေ့က သွားရောက်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency