ရခိုင်ပြည်နယ် မောင်တောဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်လိုက်သည့် AA ၏ အပြင်းအထန် ထိုးစစ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးများအနက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅)၏ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် နောက်ဆုံးတွင် AA ထံ ဒူးထောက် အဖမ်းခံလိုက်ရပြီဖြစ်သည်။
အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်း တိုက်ပွဲအတွင်း အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် ၎င်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင် နှင့် အရာရှိ၊ အကြပ်၊ စစ်သည် အမြောက်အများအပြင် RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။
ဘူးသီးတောင်ဒေသအား ၂၀၂၄ခုနှစ် မေလအတွင်းက AA မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်စဉ် ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောအခြေစိုက် တပ်ရင်းများထံ ထွက်ပြေးသွားလာရပြီးနောက် ယခုအခါတွင်လည်း မောင်တောဒေသ ထိုးစစ်အတွင်း ထပ်မံထွက်ပြေးသော်လည်း နောက်ဆုံးတွင် AA ၏ စစ်သည်တော်များထံ ဒူးထောက် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
ယခုအခါ အရှင် ဖမ်းမိသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အမှတ်စဉ် (၂၂) အလုပ်သင် ဗိုလ်သင်တန်းကျောင်း Officer Training Course(OTC) ဆင်းဖြစ်ပြီး စကခမှူး မဖြစ်မီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းစစ်ဦးစီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ခံစစ်အတွက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးအဖြစ် ရာထူးတိုးခံရကာ စေလွှတ်ခံထားသူ ဖြစ်ကြောင်း သိရသည်။
စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်ဒေသနှင့် အနီးဝန်းကျင်များမှ မွတ်စလင်များအား ခြိမ်းခြောက်စည်းရုံးကာ စစ်သင်တန်းပေးပြီး AA နှင့် တိုက်ခိုက်ခိုင်းသလို RSO၊ ARSA၊ ARA ချိတ်ဆက်ပြီး စစ်သင်တန်းများပေးကာ AA ကို တိုက်ခိုက်စေသလို ၂၀၂၄ ခုနှစ်အတွင်း ပြီးခဲ့သည့် မတ်လ (၁၉)ရက်နေ့က AA ကို မွတ်စလင်များအနေဖြင့် ဆန္ဒပြရန်လည်း နောက်ကွယ်က ကြိုးကိုင် ကို ခြိမ်းခြောက်ခိုင်းစေသူဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီဖြစ်သည့်အတွက် မောင်တောဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
နနခ(၅)စခန်းအား (၂)လဝန်းကျင်အကြာ ဝန်းရံပိတ်ဆို့ကာ အပြင်းအထန် ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီတပ်ဘက် အင်အား(၄၅၀)ကျော် သေဆုံးသွားသည်ကို တွေ့ရပြီး စစ်သုံးပန်းအဖြစ် အရှင်ဖမ်းမိသူမှာလည်း အများအပြားရှိကြောင်း နှင့် အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းများတွင် စစ်ယူနီဖောင်းများ ဝင်ဆင်ထားသည့် RSO၊ ARSA၊ ARA အစွန်းရောက် မွတ်စလင်များ ပါဝင်သည်ကိုလည်း တွေ့ရသည်။
နောက်ဆုံး သိမ်းပိုက်လိုက်သည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲတွင် စစ်ကောင်စီတပ်သားများ အပါအဝင် အင်အား (၇၀၀)ကျော် ရှိပြီး စခန်းပတ်ပတ်လည်တွင် သံဆူးကြိုး (၂)ထပ်ဖြင့် ကာရံထားသလို တစ်ခုနှင့် တစ်ခုအကြားတွင်လည်း သတ်ကွင်းများစွာ ပြင်ဆင်ထားပြီး အချို့နေရာများတွင် ပေ(၂၀)ခန့် ကျယ်သည့် ရေမြောင်းများကို ဖောက်လုပ်ထားကာ ဆူးချွန်များထောင်ထားကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် စခန်း၏ လေးဖက် လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသည့် ဘန်ကာ (၂၀)ကျော် အပြင် ဘန်ကာအသေး စုစုပေါင်း (၁၀၀)ကျော်ရှိပြီး စခန်းအတွင်း ခိုင်ခံ့ထူထပ်သည့် အဆောက်အအုံကြီး (၃၀)ကျော်ရှိရာ အတွင်းသို့ မဝင်ရောက်နိုင်ရန်အတွက် M14 မိုင်ပေါင်း (၁၀၀၀)ကျော်ကို ထောင်ထားသော်လည်း AA ၏ စစ်သည်တော်များက ရဲဝံ့စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုင်းများကို ရှင်းလင်းခဲ့ရကြောင်း သိရသည်။
နခခ(၅)စခန်းအား ဝန်းရံပိတ်ဆို့ထားသည့် ကာလအပါအဝင် နောက်ဆုံး သိမ်းပိုက်နိုင်သည့် ရက်ပေါင်း အတိအကျအားဖြင့် ရက်ပေါင်း (၅၅)ရက်ခန့်ကြာခဲ့ပြီး ထိုးစစ်ကာလအတွင်း နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီညီ ပူပေါင်း ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း AA က သတင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: AA