ရခိုင်ပြည်နယ် မောင်တောမြို့တွင် အာရက္ခတပ်တော်(AA) ထိုးစစ်ကြောင့် နောက်ဆုံးကျန် စစ်ကောင်စီ၏ နခခ ၅ တပ်ရင်းတွင် တပ်ဖွဲ့မှူးထွက်ပြေးသွားပြီး ကျန်တပ်ဖွဲ့ဝင်များ သုံးလကြာပိတ်မိနေစဉ် ငိုယိုအကူအညီတောင်းထားသည့် ဗီဒီယိုဖိုင်တစ်ခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။
မောင်တောမြို့အဝင် မြို့သူကြီးကျေးရွာဟောင်းရှိ နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဖြစ်သော အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ရင်းမှ စစ်ကောင်စီ တပ်သားနှင့် ရဲအင်အား(၁၀၀)ကျော် အဆောက်အဦး တစ်ခုအတွင်း ခဲယမ်း၊ ရိက္ခာပြတ်ကာ ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။
"သုံးလပိတ်မိနေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ အခုအချိန်ထိ ကျွန်တော်တို့ကို ဘယ်သူမှ ကယ်ထုတ်မယ့် အစီအစဥ်မရှိဘူး။ ကျွန်တော်တို့တပ်က တစ်တပ်လုံးကျသွားပြီ။ လူကြီးတွေ ဘာမှမလုပ်ပေးဘူး။ တစ်ခုခုတော့ လုပ်ပေးစေချင်တယ်"ဟု စစ်ကောင်စီတပ်သားတစ်ဦးက အဆိုပါ ရုပ်သံတွင် အကူအညီတောင်းထားသည်ကို တွေ့ရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် AA ထိုးစစ်ကြောင့် နခခ(၅)အတွင်း သြဂုတ်လ(၄)ရက်နေ့က စတင်ပိတ်နေခြင်းဖြစ် ရုပ်သံရိုက်ကူးချိန် နိုဝင်ဘာလ(၈)ရက်နေ့အထိ ပိတ်မိနေသည်ဟု ပြောဆိုသွားသည်ကို တွေ့ရသည်။
"ဒီမှာ တပ်ဖွဲ့ဝင်တွေ အကုန်လုံးပိတ်နေမိပြီ တွေ့လား။ ဘယ်မှလည်း ထွက်လို့မရပါဘူး။ ဘယ်မှလည်း သွားလို့မရတော့ဘူး။ အကုန်လုံးက ပိတ်မိနေပြီ။ အကုန်လုံး ဒုက္ခရောက်နေပြီ။ ၁၅ တပ်ဖွဲ့မှူးကလည်း ကိုယ်လွတ်ရုန်းသွားပြီ။ အောက်ခြေတပ်ဖွဲ့ဝင်ပဲ ကျန်ခဲ့တယ်။"ဟု စစ်ကောင်စီတပ်သားတစ်ဦးကလည်း ငိုသံနှင့် ပြောဆိုသွားသည်။
အဆိုပါတပ်အတွင်း တပ်မ(၂၂)မှတပ်ဖွဲ့ဝင်များအပါအဝင် ဘူးသီးတောင်အခြေစိုက်တပ်ရင်းများမှ ဆုတ်ပြေးကြသော တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များရှိနေသည့်အပြင် လက်နက်ချ အညံ့ခံသူများနှင့် ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်ဟု သိရသည်။
AA ဘက်က ဒီဇင်ဘာလ(၈)ရက်နေ့တွင် မောင်တောမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် နခခ(၅)စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊ စစ်သင်တန်းဆင်းမွတ်ဆလင်လက် နက်ကိုင်များ ပါဝင်တိုက်ခိုက်သည်ဟု AA က ထုတ်ပြန်ထားသည်။
#TachileikNewsAgency