၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ပျက်စီးသွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ရှင်းလင်းရေးပြုလုပ်ပေးသည်ဟု သိရသည်။
စစ်ဆင်ရေးကာလအတွင်း ပျက်စီးသွားသည့် ကျောက်မဲမြို့ ပင်လုံလမ်းမကြီးပေါ်ရှိ အပျက်အစီးများကို ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ သန့်ရှင်းရေးပြုလုပ်ပေးသည်ဟု ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြသည်။
“စစ်ဆင်ရေးကာလမှာ ကျောက်မဲမြို့က ပျက်စီးမှု ၁၀ ရာခိုက်နှုန်းလောက်တော့ ခန့်မှန်းချေရှိတယ်။”ဟု ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကျောက်မဲမြို့တွင် ဖုန်းလိုင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးများ လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
“TNLA ဘက်ကလည်း မြို့သန့်ရှင်းရေးအတွက် အများကြီးလည်ပတ်ထားပါတယ်ဗျ။”ဟု ကျောက်မဲဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA ဘက်ကို Tachileik News Agency အနေဖြင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ကျောက်မဲမြို့ကို ၂၀၂၄ ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူရာ စစ်ကောင်စီတပ်များ ကင်းစင်သွားသည်။
သို့သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ဒေသခံ(၁၀)ဦး သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိသည်ဟု TNLA ဘက်က ဖော်ပြသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် TNLA သည် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်တို့ကို သိမ်းယူထားပြီးဖြစ်သည်။
#TachileikNewsAgency
Photo: People's Defence Force-Kyaukme