အလုပ်သမားများကို ဖိနှိပ်နေသည့် ရန်ကုန်တိုင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံနှစ်ခုအား မြို့ပြပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်

အလုပ်သမားများကို ဖိနှိပ်နေသည့် ရန်ကုန်တိုင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံနှစ်ခုအား မြို့ပြပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ပြီး အလုပ်သမားများကို ဖိနှိပ်နေသည့် တရုတ်နိုင်ငံသားပိုင် စက်ရုံနှစ်ခုအား သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း The Grand Unsung (TGU) အဖွဲ့ထံမှ သိရသည်။

လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် Thun Than Win ဖိနပ်စက်ရုံနှင့် ရွှေပြည်သာ သာဓုကံစက်မှုဇုန်ရှိ ပေါင်ချိန်စက်ရုံတို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ ည (၇)နာရီခန့်တွင် လူထိခိုက်မှုနည်းသော ဗုံးအမျိုးအစားကို အသုံးပြု၍ သတိပေး ဖောက်ခွဲတိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံနှစ်ရုံသည် အလုပ်သမားများအပေါ်  ခေါင်းပုံဖြတ်ဖိနှိပ်ခြင်း၊ စစ်တပ်နှင့်ပူးပေါင်း၍ လူအခွင့်အရေးများ ချိုးဖောက်နေခြင်း ၊ အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့နေခြင်းတို့ကြောင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်တပ်နှင့်ပူးပေါင်းပြီး အလုပ်သမားထုကို ဖိနှိပ်မှုများ ထပ်မံကျူးလွန်နေပါက ယခုကဲ့သို့ သတိပေးနေမည်မဟုတ်ဘဲ မည်သူကိုမဆို ပစ်မှတ်ထားပြီး ပြင်းအားမြင့်မိုင်းများဖြင့် ထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း The Grand Unsung (TGU) အဖွဲ့က ဆိုသည်။

ထိုနည်းတူ တရုတ်အစိုးရအနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံဖိနှိပ်ချိန်းခြောက်ပါက စစ်တပ်နှင့်ပူးပေါင်းနေသော တရုတ်လုပ်ငန်းစုများကို မှတ်သားထားပြီး လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)